Advertisements

မော်လမြိုင်၊ ဇန်နဝါရီ 

မော်လမြိုင်မြို့ပေါ်ရပ်ကွက် ၄၂ ခုရှိရာ၂၀၁၈ နှစ်သစ်၊ ပထမဆုံးသီတင်းပတ်အကုန်၌ ရပ်ကွက်အားလုံး၏ တစ်ဝက်တွင် အုပ်ချုပ်ရေးမှူးအသီးသီး ရွေးချယ်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ယခုလ ၇ ရက်နေ့တွင် ဈေးကြိုနှင့် ရွှေမြိုင်သီရိရပ်ကွက်နှစ်ခု၌ ရပ်ကွက်နေပြည်သူများ ဆန္ဒမဲဖြင့် ရွေးချယ်မှုဆက်လက်ပြုလုပ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။

”ကျွန်တော်မြို့နယ်မှာ ၄၂ ရပ်ကွက်ရှိတယ်။ ပြီးခဲ့တဲ့ သောကြာနေ့အထိတော့ ၂၁ ရပ်ကွက်ကိုတော့ အုပ်ချုပ်ရေးမှူးတွေရွေးချယ်လို့ပြီးပါပြီ။ ရွေးချယ်လို့ပြီးခဲ့တဲ့ ရပ်ကွက်တွေကတော့ ဘာပြဿနာမှ ကြီးကြီးမားမားမရှိခဲ့ဘူး။ တစ်ချို့ရပ်ကွက်တွေမှာတော့ အုပ်ချုပ်ရေးမှူးရွေးချယ်ဖို့ ရပ်ကွက်ပြည်သူအချင်းချင်း အငြင်းပွားတာမဟုတ်ဘဲနဲ့ ကြီးကြပ်ရေးအဖွဲ့တွေအချင်းချင်း အငြင်းပွားဖြစ်တဲ့ပြဿနာလောက်ပဲရှိခဲ့တာ။ အဲဒီကိစ္စတွေကိုလည်း ပြေလည်အောင်သွားရောက်ဖြေရှင်းပေးခဲ့လို့ အားလုံးအဆင်ပြေတယ်” ဟု ဦးမြင့်ဦးက ပြောသည်။

ဈေးကြိုရပ်ကွက်ရှိ တော်ကူးကျောင်းတိုက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးချယ်မှုနှင့် ပတ်သက်၍ မဲဆန္ဒရှင်များ စနစ်တကျစိစစ်မဲပေးနိုင်ရန်အတွက် ဆောင်ရွက်ထားမှုမှာ လိုအပ်ချက်များရှိနေသေးကြောင်း ၎င်းက အကြံပြုပြောဆိုသည်။

ဈေးကြိုရပ်ကွက်တွင် ဦးအောင်သန်းနှင့် ဦးသန်းထိုက် (ခ) အထိုက်တို့နှစ်ဦးသာအုပ်ချုပ်ရေးမှူးအရွေးချယ်ခံရပြီး ရွှေမြိုင်သီရပ်ကွက်၌ ဦးစိန်မင်း (ခ) စိုးမင်း၊ ဦးအောင်ထွန်းနိုင်၊ ဦးအောင်မျိုးဦး (ခ) မျိုးဦးနှင့် ဦးကြည်စိုးတို့ လေးဦးတို့ကို အုပ်ချုပ်ရေးမှူးအသစ် အရွေးချယ်ခံခဲ့ကြောင်း၊ ရွေးချယ်သည့်နေ့ရက် မွန်းလွဲ ၁ နာရီအထိ လာရောက်၍ဆန္ဒမဲထုတ်ယူခဲ့သူ ၂၂၀၀ ဦးကျော်ရှိပြီးဖြစ်ကြောင်း သိရသည်။

”အစ်မတော့ မဲထည့်ပြီးပြီ။ အဓိကပြောချင်တာက ရပ်ကွက်မှာ အဂတိလိုက်စားမှူးကင်းရှင်းပြီး ရပ်ကွက်အကျိုးလုပ်ဆောင်ပေးမယ့် လူမျိုးကိုပဲ မဲထည့်စေချင်တယ်” ဟု ရွှေမြိုင်သီရိရပ်ကွက်မှ ဒေါ်မူမူလှိုင်က ပြောသည်။

”ကိုယ်အရပ်သားလည်းဖြစ်တယ်။ ရပ်ကွက်အတွက် အကျိုးရှိမယ့်အလုပ်တွေလုပ်ဆောင်ပေးနိင်မယ်လို့ထင်တဲ့ လူမျိုးကို မဲလာထည့်ပေးတာပါ” ဟု ဈေးကြိုးရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

ဈေးကြိုရပ်ကွက်တွင် ဆန္ဒမဲထည့်ပိုင်ခွင့်ရှိသူ ၂၁၆၂ ဦး၊ရွှေမြိုင်သီရိရပ်ကွက်တွင် ၃၂၀၀ ဦးခန့်ရှိပြီး နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ ဆန္ဒမဲလာရောက်ပေးပိုင်ခွင့်ပြုထားကြောင်း အုပ်ချုပ်ရေးမှူးရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့များထံမှ သိရသည်။

Written by ခေတ်မင်း

Advertisements
<

Leave a Reply