Advertisements

မော်လမြိုင်၊ ဒီဇင်ဘာ

မော်လမြိုင်မြို့ရှိ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် သမိုင်းဝင် ပထမနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း နှစ် ၁၉၀ ပြည့် အသင်းတော် မွေးနေ့ကို ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ယင်းဘုရားကျောင်း၊ သင်းအုပ်ဆရာတော် ဦးကြည်ရှိန်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ယင်းသို့ ကျင်းပနိုင်ရန် ဘုရားကျောင်း၏ အနောက် အဆောက်အဦကို အဓိကထား၍ ပြင်ဆင်လျက်ရှိပြီး မွေးနေ့အမီ ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အသင်းတော် မွေးနေ့ကို အမေရိကန် သံရုံး ဒုတိယ သံမှူးလည်း လာမယ်။ နောက်ပြီး နယ်ဝေးက ဓမ္မမိတ်ဆွေတွေလာမယ်။ အားလုံးက မွေးနေ့မှာ ဘုရားရှိခိုးပြီး မွေးနေ့ ဆုတောင်းကြမယ်”ဟု ၎င်းက ဆိုသည်။
အခမ်းအနားအတွက် ကြိုတင်ပြင်မှုများ ဆောင်ရွက်နေခြင်းကြောင့် ဘုရားကျောင်းအတွင်း ပြင်ပဧည့်သည် ဝင်ရောက် လေ့လာခြင်းနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခွင့်များကိုလည်း လတ်တလောတွင် ပိတ်ပင်ထားကြောင်း ၎င်းက ပြောသည်။

ယခုအခါ အသင်းတော်၏ ဘုရားကျောင်း အဆောက်အဦကို ကန်ဒေါ်လာ ၁၂၅,၀၀၀ သုံးစွဲ လျက် အမေရိကန်အကူအညီဖြင့် ရှေးမူမပျက် ပြုပြင်လျက်ရှိသည်။ ပြုပြင် ထိန်းသိမ်းမှု အပိုင်းတွင် အမေရိကန် နိုင်ငံ ကမ္ဘာ့ရှေးဟောင်း အဆောက်အအုံရန်ပုံငွေအဖွဲ့ (WM F)နှင့် မြန်မာနိုင်ငံက ကျွမ်းကျင်ပညာရှင်တို့ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ဦးကြည်ရှိန်က ပြောသည်။

ယင်းဘုရားကျောင်း အဆောက်အအုံ ပြုပြင် ထိန်းသိမ်းရန်အတွက်၂၀၁၆ ခုနှစ်တွင် အကြိုလေ့လာ ဆန်းစစ်မှုများ ပြုလုပ်ခဲ့ကာ ယခုနှစ် ဧပြီလမှ စတင် ပြုပြင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်

မော်လမြိုင်မြို့ရှိ ပထမနှစ်ခြင်း အသင်းတော်ကို အမေရိကန် သာသနာ့ အမှုဆောင် ဆရာယုဒသန်က ၁၈၂၇ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ရာ ယခုလာမည့် ဒီဇင်ဘာ ၂ ရက်တွင် နှစ်ပေါင်း ၁၉၀ ပြည့်မြောက်ပြီလည်းဖြစ်သည်။

Written by ဇော်ထိုက်

Advertisements
<

Leave a Reply