ကမ္ဘာ့ရေနံဈေးသည် ဇွန်လမှ စ၍ တရွေ့ရွေ့ ပြန်လည် ကျဆင်းလာသည်။

ထိုသို့ ကျဆင်းလာမှုနှင့် အတူ ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းမှာလည်း အနည်းငယ် ကျဆင်းလာခဲ့သည်။

ကမ္ဘာ့ရေနံဈေးသည် မတ်လအတွင်း တစ်စည် ၇၄ ဒသမ ၅ ဒေါ်လာ ရှိခဲ့ရာမှ ဇွန်လတွင်မူ ၇၂ ဒသမ ဝ၅ ဒေါ်လာထိ ကျဆင်းလာခဲ့သည်။

ရန်ကုန် စက်သုံးဆီ ဈေးကွက်တွင် ဇွန်လ ၂၂ ရက်က အောက်တိန်း- 92 တစ်လီတာလျှင် ကျပ် ၈၇၀၊ အောက်တိန်း- 95 တစ်လီတာ လျှင် ကျပ် ၉၂၀၊ ဒီဇယ်တစ်လီ တာလျှင် ကျပ် ၉၀၀၊ ပရီမီယံဒီ ဇယ်တစ်လီတာလျှင် ၉၁၅ ကျပ် သို့ ကျဆင်းခဲ့သည်။

သို့သော်လည်း ဇွန် ၂၂ ရက် မော်လမြိုင် စက်သုံးဆီ ဈေးကွက်တွင်မူ အောက်တိန်း – 95 တစ်လီတာလျှင် ၉၆ဝ ကျပ်၊ အောက်တိန်း- 92 တစ်လီတာလျှင် ၉၁ဝ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် ၉၃ဝ ကျပ်၊ ပရီမီယံဒီဇယ် တစ်လီတာလျှင် ၉၄၅ ကျပ် အထိ ပေါက်ဈေး ရှိနေသည်။

ထို့ကြောင် ရန်ကုန် ၊ မော်လမြိုင် စက်သုံးဆီဈေးမှာ တစ်လီတာလျှင် ကျပ် ၃၀ မှ ၄၀ အထိ ကွားခြာမှု ရှိနေသည်။

မော်လမြိုင်၌ စက်သုံးဆီ ဈေးမကျသည့် အကြောင်းအရင်းကို ရာဇာမင်း ဆီဆိုင် တာဝန်ခံ ဦးသူရကျော်က ယခုလို ရှင်းပြသည်။

“စက်သုံးဆီကို အဓိကတင်သွင်းတာက မလေးရှား ကနေ တင်တယ်၊ ရန်ကုန် ကနေ ဒီကိုဆိုရင် ဈေးကွာတယ်၊ ဘာလို့ဈေးကွာတာလဲဆိုတော့ သယ်ယူပို့ဆောင်စရိတ်တွေက သီလဝါဆိပ်ကမ်းကနေ သယ်လာတဲ့အတွက်ကြောင့် လမ်းမှာ လမ်းတံတားကြေး၊ သယ်ယူပို့ဆောင်ရေးစရိတ်တွေ၊ စရိတ်တွေကအများကြီးရှိတယ်”ဟု ဆိုသည်။

ထိုသို့ ကုန်ကျစရိတ်များကြောင့် ရန်ကုန်၌ တစ်လီတာ ၉၂၀ ဖြစ်ပါက ပဲခူးတွင် ၉၃၀၊ မော်လမြိုင်တွင် ၉၆၀ ကျပ်အထိ အဆင့်ဆင့် ဈေးကွာရခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
၎င်းနှင့် အတူ မော်လမြိုင် Denko ဆီဆိုင်မှ ဒုတိယမန်နေဂျာ ကိုဇောယျာထွန်းက အခုလို မှတ်ချက်ပေးသည်။

“ရန်ကုန်ကနေသယ်လာတယ် သယ်ယူပို့ဆောင်ခကြောင့် ဈေးကွာတယ်။ ရန်ကုန်မှာ စက်ဆီဈေးကျတယ်ဆိုတာ ဟိုမှာက သယ်ယူပို့ဆောင်ရေးစရိတ်မကုန်ဘူး။ ပစ္စည်းက တန်းရောက်တယ်”ဟု ပြောသည်။
ထိုကြောင် နယ် မြို့နယ်ရှိ ဆီဆိုင်များသည် ရန်ကုန်ရုံးချုပ်မှ ချပေးသည့် ဈေးနှုန်းအတိုင်း ရောင်းချပေးနေရသည်ဟု ၎င်းက ပြောသည်။

မော်လမြိုင်တွင် စက်သုံးဆီဈေးနှုန်းများသည် ဧပြီလမှ စတင်၍ မြင့်တက်လာခဲ့ပြီး ဈေးနှုန်း ပြန်ကျမည့် အလားလာ ရှိနေကြောင်း မော်လမြိုင် ဖိုးလပြည့် စက်သုံးဆီအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။“မော်လမြိုင်မှာတော့ ဈေးကတော်တော် တက်တယ်၊ တစ်ထောင်ကျော်သွားသေးတယ်၊ ခုတော့ ပြန်ကျနေတယ်လို့ ပြောရမှာပေါ့ ဈေးကအများကြီးတော့ လိုက်မကျသေးဘူး၊ ပြန်ကျဖို့တော့ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

စက်သုံးဆီဈေးနှုန်းများ ပြန်လည်ကျဆင်းလျှင် Taxi သမားများ သာမက ပြည်သူများ အတွက် ပိုပြီး အဆင်ပြေနိုင်မည်ဖြစ်ကြောင်း Taxi မောင်းသူ၊ ကိုနိုင်ဇော်က ပြောသည်။
“ကျွန်တော်တို့ Taxi သမားတွေဆို ပိုဆိုးတာပေါ့၊ ဆီဈေးတက်တော့ သွားရတာ မကိုက်ဘူးလေ၊ ဒါပေမယ့် ဘယ်လိုလုပ်မလဲ စက်သုံးဆီဈေးကွက်ကို အစိုးရမှ မထိန်းနိုင်သေးတာ၊ တက်လိုက်ကျလိုက်နဲ့ ဖြစ်နေမှာပေါ့”ဟု ၎င်းက ပြောသည်။

Written by ဂေထော၊ ထိုက်ထိုက်

Leave a Reply