Advertisements

ဇူလိုင်လအတွင်း ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ ကျင်းပခဲ့တဲ့ World Mathematics Invitational (WMI)@ Korea 2O18 ပြိုင်ပွဲမှာ နိုင်ငံပေါင်း ၂၁ ခုက ကျောင်းသားပေါင်း ၁၁၀၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ယင်းတွင် မြန်မာနိုင်ငံမှ ကျောင်းသား ၂၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်းက သတ္တမတန်း ကျောင်းသား မောင်ထက်ဝေသျှံလည်း တစ်ဦးအပါအဝင်။

အဆိုပါပြိုင်ပွဲတွင် မြန်မာက ရွှေတံဆိပ်၂ ခု၊ ငွေ ၇ ခု၊ ကြေး၈ ခု ရရှိသည့်အပြင် The Star of the World & Gold Award ဆုကို မော်လမြိုင်သားလေး မောင်ထက်ဝေသျှံက နိုင်ငံ့ကိုယ်စား ဆွတ်ခူးပေးနိုင်ခဲ့၏။
“ကိုရီးယားမှာ ပြိုင်ဖို့ဆိုရင် ဒီပြည်တွင်းမှာ အရင်ပြိုင်ရတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်တွေရမှပဲ ကိုးရီးယားကို သွားလို့ရတယ်။ အဲဒီတော့ ပြည်တွင်း Marth Center နိုင်ငံတကာ သချာင်္အိုလံပစ်ပြိုင်ပွဲမှာ ဝင်ပြိုင်ဖြစ်တာပါ”ဟု မောင်ထက်ဝေသျှံက ဟင်္သာသို့ပြောသည်။

ထိုသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကြိုတင်ပြင်ဆင်လေ့ကျင့်ချိန် ၂လလောက်သာ ရခဲ့ပြီး ယင်းကာလအတွင်းမှာ Marth Center ကပေးသော မေးခွန်းတွေ၊ ဉာဏ်စမ်းမေးခွန်းတွေကို အကြိမ်ကြိမ်တွက်ချက်လေ့ကျင့်ခဲ့ ရကြောင်း၊ မေးခွန်းဟောင်းတွေ အများကြီးကိုလည်း နှံ့စပ်ပြည့်စုံအောင် ရှာဖွေလေ့လာ လေ့ကျင့်ခဲ့ရကြောင်း သူကဆက်ပြောသည်။

Advertisements
data-language="en"

ပြိုင်ပွဲမှာ သင်္ချာဘာသာရပ်ဆိုင်ရာ ဖြစ်သော်လည်း မလွဲမသွေ ကနဦး ရင်ဆိုင်ကျော်လွှားရမည့်အခက်အခဲမှာ ဘာသာစကားအရံအတားဖြစ်ပြီး မည်သို့ကျော်လွှားခဲ့သည်ကို မောင်ထက်ဝေသျှံက ယခုလိုပြော၏။
“သားအတွက် စိန်ခေါ်မှုတွေ အများကြီးရှိခဲ့ပါတယ်။ သူတို့က အင်္ဂလိပ်လို၊ တရုတ်လိုတွေမေးတော့ ဘာသာစကားကိုတော့ အရင်လေ့လာရပါတယ်။ သားအများကြီးပြင်ဆင်ခဲ့ရပါတယ်”ဟူ၍။

ထိုသို့ ဘာသာစကားအရ စိန်ခေါ်မှု၊ ဘာသာရပ်ဆိုင်ရာ ယှဉ်ပြိုင်မှုတွေ အခက်အခဲများစွာ ကျော်လွန်ပြီး ဆုတံဆိပ်ပင် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သော်လေး မောင်ထက်ဝေသျှံကတော့ မချင့်မရဲဖြစ်နေဆဲ။
“သူတို့ပေးတဲ့ အချိန်၂လကတော့ လုံလောက်ရှိတယ်လို့တော့ မထင်ပါဘူး၊ သားလေ့လာတဲ့အခါမှာ မေးခွန်းတော်တော်များ ကျန်နေခဲ့ပါတယ်”လို့ သူက အားမလို အားမရ ပြောသည်။။ ဆုတံဆိပ်ရရှိရုံအဆင့်ထက် ပညာရပ်၊ ဘာသာရပ်အပေါ် ချဉ်းကပ်လေ့လာလိုစိတ် ထက်သန်ပြင်းပြနေခြင်းဖြစ်ပါ၏။

ကြိုတင်လေ့ကျင့်ပြင်ဆင်ချိန်အတွင်း တစ်နေ့တာ လုပ်ဆောင်ခဲ့ရမှုနှင့်ပတ်သက်၍ “တစ်နေ့မှာ သားက တစ်နာရီခွဲလောက် သချာင်္ကိုတွက်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ ကျက်စာတွေကို ကျက်မှတ်ပါတယ်”ဟု မောင်ထက်ဝေသျှံက ပြောပြသည်။

သင်ခန်းစာတွေ၊ ဉာဏ်စမ်းပုစ္ဆာတွေကြား၊ ဗျည်းအက္ခရာ၊ ကိန်းဂဏန်းအချက်အလက်များအကြား လူးလာခေါက်တုန့် လေ့လာကျက်စားနေချိန်တွင် မောင်ထက်ဝေသျှံအနား အချိန်ပြည့် ရှိနေသူကတော့ သူ့မိခင် ဒေါ်နေနွယ်စိုးပင်။

“သူ လိုချင်တဲ့စာအုပ်တွေ ဝယ်ပေးတယ်။ သူဘာလိုအပ်လဲပေါ့။ နောက်ပြီးတော့ သူ့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတာပေါ့။ ကျန်တာတော့ သူ့ဘာသာသူကြိုးစားတာပါ”ဟု ရိုးရိုးရှင်းရှင်းပင် ဒေါ်နေနွယ်စိုးကဆို၏။
“ကျောင်းစာကိုတော့ သူက ကျောင်းမှာပဲ အပြီးလုပ်ခဲ့တယ်။ စာတွေကိုလည်း ကျောင်းမှာပဲ သေချာကျက်မှတ်ခဲ့တယ်။ ကျောင်းကပြန်လာရင် အိမ်မှာ ခဏနားတယ်။ နာရီဝက်လောက်နားပြီးရင် သူလေ့ကျင့်ခန်းကို နာရီဝက်လောက်လုပ်တယ်။ ပြီးတော့မှ ကျောင်းစာကို ညနေ ၆နာရီလောက်ကနေ စပြီးတော့ ည၈နာရီလောက်ထိ ကျောင်းစာကို ပုံမှန်ကျက်မှတ်တယ်။ ပြီးတော့ သူ သချာင်္ကို တစ်နာရီခွဲလောက် တွက်ချက်ပါတယ်”ဟုလည်း သူ့သားကြိုးစားခဲ့မှုတွေကို သူမက ပြန်ပြောပြပါသည်။

ထိုသို့ ကြိုးစားရင်းအောင်မြင်မှုရခဲ့သည့် မောင်ထက်ဝေသျှံ၏ နိုင်ငံတာဆုတံဆိပ်မှတ်တမ်းသည် ယခုမှမဟုတ်ပါ။ ယမန်နှစ်၂ဝ၁၇ ခုက ဂျပန်နိုင်ငံက အာရှ-ပစိဖိတ်ကလေးသူငယ်တွေ့ဆုံပွဲသို့လည်း မြန်မာ နိုင်ငံမှ အငယ်တန်းသံတမန်အဖြစ် သွားရောက်ခဲ့ဖူးပြီး ယင်းနှစ်မှာပင် ကမ္ဘောဒီယားနိုင်ငံ၌ ကျင်းပသော သင်္ချာစွမ်းရည်ပြိုင်ပွဲမှာ ငွေတံဆိပ်ဆုကို ဆွတ်ခူးရရှိထားသူလည်းဖြစ်၏။

ပြည်တွင်းတွင်လည်း မောင်ထက်ဝေသျှံ၏ မှတ်တမ်းကမသေး။ ကျောင်းအဆင့် ပညာရည်ချွန်ဆုမှာ ဒုတိယတန်းကနေ ပဉ္စမတန်းအထိ လေးနှစ်ဆက်တိုက်စလုံး ပထမဆုကို ဆွတ်ခူးထားသူ။ ဒါ့အပြင် နေပြည်တော်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်သော သင်္ချာစွမ်းရည်ပြိုင်ပွဲ ဗဟိုအဆင့် တွင် စတုတ္ထတန်းရော ပဉ္စမတန်းပါ နှစ်နှစ်ဆက်တိုက် ပထမဆုကို ရရှိပိုင်နိုင်ခဲ့သည်။

မောင်ထက်ဝေလျှံတက်ရောက်နေသည့် မော်လမြိုင် အထက (၉) ကျောင်းအုပ်ဆရာမကြီးကလည်း “အခုဆို မော်လမြိုင်မြို့ရဲ့ ဂုဏ်ဆောင်၊ ကျောင်းရဲ့ ဂုဏ်ဆောင်တဲ့ ကျောင်းသားလေး ပေါ်ထွက်လာတာပေါ့”ဟု ဟင်္သာ သို့မှတ်ချက်ပြု၏။

ဒေါ်နေနွယ်စိုးတို့ သားအမိတွင် အခြားသောကလေးများကိုပါထိုသို့ပြိုင်ပွဲများတွင်ပါဝင်ယှဉ်ပြိုင်စေလိုသည့် ဆန္ဒရှိ ကြောင်း သူတို့ပြောစကားများတွင်တွေ့ရပါသည်။

“ပြိုင်ပွဲတွေက အများကြီးရှိတယ်လေ။ ကိုယ်က စိတ်ရှိတယ်ဆိုရင် အရာရာရနိုင်ပါတယ်။ တစ်ခါရှုံးနိမ့်ရုံနဲ့ ဘာမှမဖြစ်ဘူး။ နောက်ထပ် ပြိုင်ပွဲတွေ အများကြီးရှိတယ်။ အဲဒီအတွက် ထပ်ပြီးကြိုးစားကြပါလို့ ပြောချင်ပါတယ်”ဟု ဒေါ်နေနွယ်စိုးကဆိုသည်။

ဆုတံဆိပ်ဆုများရှင် မောင်ထက်ဝေသျှံကတော့ “ဒီပြည်နယ်အတွင်း၊ ပြည်တွင်းမှာ ကျင်းပတဲ့ ပြိုင်ပွဲတွေကို ဝင်ပြိုင်ကြပါ။ ဝင်ပြိုင်လို့ဆုမရခဲ့ရင်လည်း ဘာမှမဖြစ်ပါဘူး။ စိတ်ဓာတ်မကျပါနဲ့။ ပြန်ပြီး ကြိုးစားရင် အမှတ်ကောင်းကောင်းနဲ့ ဆုတွေရရှိနိုင်ပါတယ်”ဟု အခြားသူများအတွက် စကားလက်ဆောင်ပါး၏။

ထိုက်ထိုက် ၊ ဂေထော

Leave a Reply