မော်လမြိုင်မှ တည်းခိုခန်းတွင် စိတ်ကြွဆေး ၉၀၀၀ ကျော်ဖမ်းမိရာမှ ကွင်းဆက်တရားခံကို ရှမ်းပြည်နယ်၌ ထပ်မိ

မော်လမြိုင် ၊ မတ်

မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်ရှိ ဇင်ယော်တည်းခိုခန်းတွင် လာရောက်၍ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်သူ နှစ်ဦးဖမ်းမိပြီး ကွင်းဆက်တရားခံအဖြစ် ဖော်ထုတ်ရာမှ မတ် ၇ ရက်နေ့က ရှမ်းပြည်နယ် နမ့်ဆန်မြို့၌ ဆေးဝါးများရောင်းချပေးခဲ့သူ တစ်ဦးကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ဒုစရိုက်မှု တားဆီးကာကွယ်နှိမ်နင်းရေး အဖွဲ့ခေါင်းဆောင် ရဲအရာရှိက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

မတ်လ ၃ ရက် နံနက်ပိုင်းက အဆိုပါတည်းခိုခန်းသို့ သတင်းအရ ဝင်ရောက်ရှာဖွေခဲ့ရာ အခန်းအမှတ် A-3 အတွင်း၌ ဘီကရမ်း (ခ) ဘီဂျဲ (၂၉ နှစ်၊ ၊ ပဲခူးတိုင်းဒေသကြီး ဇေယျဝတီမြို့နေသူ)ကို MISUSHITA စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၉,၀၀၇ ပြား၊ ငွေစက္ကူ ၄,၀၀၀ ကျပ်နှင့်အတူ တွေ့ရှိကာ ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

၎င်းကို စစ်ဆေးမေးမြန်းခဲ့ရာ ဆေးပြားများကို လွန်ခဲ့သော ၃ ရက်ခန့်က မိုးအောင်(ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နေ သူ)နှင့် ချစ်ဆန်း (၃၆ နှစ်၊ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နေသူ) ထံမှ ဆေးပြား ၂၀၀ ပါ တစ်ထုပ်လျှင် ၈၀,၀၀၀ ကျပ်နှုန်းဖြင့် အထုပ် ၅၀ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုသည်ဟု သိရသည်။

“ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါးအမှုက တရားခံရဲ့ စစ်ဆေးထွက်ဆိုချက်နဲ့ ရှမ်းပြည်နယ် နမ့်ဆန်မြို့က မိုးအောင်ကိုလည်း မတ်လ ၇ ရက်နေ့မှာ အဲဒီမြို့နယ်မှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးရမိထားတယ်။ ကွင်းဆက်တရားခံကို လွဲှပြောင်းခေါ်ယူဖို့အတွက် မွန်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေ သွားရောက်ခေါ်ဆောင်နေပါပြီ”ဟု အထက်ပါရဲအရာရှိက ပြောသည်။

စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူ ဘီကရမ်း၊ ချစ်ဆန်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးခဲ့သည်ဟု ဆိုသူ မိုးအောင်တို့ သုံးဦးကို ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း၌ အမှုဖွင့်ထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

Written by ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်