Advertisements

မော်လမြိုင်၊ စက်တင်ဘာ ၇

မော်လမြိုင်မြို့နယ်မှ ဟိုတယ်နှင့် တည်ခိုခန်းများ အချိန်ပိုင်းတည်းခိုခြင်းကို ခွင့်မပြုရန်၊ CCTV ကင်မရာများ တပ်ဆင်ထားရှိရန်၊ လာရောက်တည်းခိုသူများထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အထောက်အထားရယူပြီး မှတ်တမ်းထားရှိရန် စသည်တို့ကို မြို့နယ်အတွင်းရှိ လုပ်ငန်းရှင် ၄၃ ဦးတို့အား ခေါ်ယူအသိပေးထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောကြားသည်။

ကျောင်းနေအရွယ် လူငယ်များ အရွယ်မတိုင်မီ ပျက်စီးသွားနိုင်ခြင်း၊ ယင်းနေရာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်ဖလှယ်ခြင်း၊ သုံးစွဲခြင်းတို့အပြင် အခြားမလိုလားအပ်သော ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် သြဂုတ် ၃၁ ရက်နေ့က ယင်းသို့ ခေါ်ယူအသိပေးခဲ့ရခြင်းဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

“အဓိကက ကျောင်းနေအရွယ် မိန်းကလေးငယ်တွေ ပျက်စီးသွားမှာ စိုးရိမ်လို့၊ သူတို့က ငယ်သေးတော့ ဘာမှမသိဘူး။ တချို့သူတွေ လိမ်လည်ပြောရင် ပါသွားမယ်။ ဒါကိုလည်း တားမြစ်ဖို့ပါ”ဟု ဦးမြင့်ဦးက ပြောသည်။

အဆိုပါလုပ်ငန်းရှင်များကို အသိပေးထားပြီးဖြစ်သည့်အတွက် လိုက်နာဆောင်ရွက်ခြင်းမရှိပါက စည်းမျဉ်းဥပဒေနှင့်အညီအရေးယူသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးက ထပ်လောင်းပြောကြားသည်။

ဖော်ပြပါကိစ္စနှင့် စပ်လျဉ်း၍ ယခုစက်တင်ဘာလ ပထမပတ်အတွင်း လုပ်ငန်းရှင်များဘက်မှဆောင်ရွက်ထားရှိမှု အခြေအနေနှင့် သဘောထားမှတ်ချက် တစ်စုံတစ်ရာကို ရယူနိုင်ရန် မော်လမြိုင်မြို့၊ ကမ်းနားလမ်းမှ ပုဂ္ဂလိက ဟိုတယ်လုပ်ငန်းရှင်တစ်ဦးကို ဟင်္သာမီဒီယာက တွေ့ဆုံမေးမြန်းရန် ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားခြင်း မရှိခဲ့ပေ။

Written by – အဂ္ဂနန်

Advertisements
<

Leave a Reply