၁၉။ မီးလောင်ပြင်ရပ်ကွက်

ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲကာလ မတိုင်မီကပင် ရူပီး (၁၀)သိန်း ချမ်းသာသော သူဌေးကြီး "ဦးပြော့"သည် ရန်ကုန်မြို့၌ နေထိုင်ခဲ့သည်။ ဦးပြော့၏ ဇနီး "ဒေါ်ဒို"သည် မောင်စပ် (သမိန်ပရူး)၏ အစ်မရင်းဖြစ်သည်။

သမိန်ပရူး၏ ပုန်ကန်မှုအရေးနိမ့်သွားသောအခါ သမိန်ပရူး၏ ယောက်ဖဖြစ်သူ ဦးပြော့သည် မြန်မာမင်းလက်အောက်ရှိ ရန်ကုန်မြို့တွင် ဆက်လက်မနေဝံ့တော့ချေ။ ထို့ကြောင့် ဦးပြော့နှင့် အပေါင်းပါ စစ်ရှောင်ဒုက္ခသည်များသည် မော်လမြိုင်သို့ ထွက်ပြေးလာကြသည်။ မော်လမြိုင်သို့ရောက်သောအခါ ခေါင်းဆေးကျွန်းနှင့် မျက်နှာချင်းဆိုင် မောင်လမြိုင်ဘက်ကမ်းရှိ မြေကွက်ကြီးတွင် အိုးအိမ်ဆောက်လုပ်၍ ရပ်ကွက်တည်ထောင်နေထိုင်ခဲ့ကြသည်။

ထိုစဉ်က ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲတွင် အင်္ဂလိပ်တပ်များကို ဦးဆောင်တိုက်ခိုက်ခဲ့သော ဗိုလ်ချုပ်ကင်းဗဲ (Major-Gereral Campbell)သည် ဂဝံမြို့ရိုး ကာရံထားသော မော်လမြိုင်မြို့ဟောင်းအတွင်း တပ်မြို့ (Cantonment)တည်ထောင်ကာ နောက်လိုက်စစ်သားများနှင့် နေထိုင်လျက်ရှိသည်။ ဦးပြော့နှင့် စစ်ရှောင်ဒုက္ခသည်များနေထိုင်ရာ ရပ်ကွက်သည် တပ်မြေနှင့် မလွတ်မကင်းရှိသည်။

ကင်းဗဲက ထိုရပ်ကွက်တွင် မုတ္တမဘက်ကမ်းမှ မြန်မာတပ်များ၏ရန်မှ ကာကွယ်ရန် ထိုရပ်ကွက်တွင် အမြှောက်တပ်ချထားလိုသည်။ ထို့ကြောင့် ရပ်ကွက်နေ စစ်ရှောင်ဒုက္ခသည်များကို ပဲခူးချောင်သို့ ပြောင်းရွှေ့ရန် အမိန့်ထုတ်သည်။

ထိုစဉ်က ဒိုင်းဝန်ကွင်း ပဲခူးချောင်သည် တောထူထပ်ပြီး သားရဲတိရစ္ဆာန်များ ခိုအောင်းရာဖြစ်သည်။ လူသွား လူလာပြတ်၍ လူဆိုး သူခိုးဒုစရိုက်ကောင်များ ကျက်စားရာဖြစ်သည်။ ထို့ကြောင့် စစ်ရှောင်ဒုက္ခသည်များသည် ကင်းဗဲ၏ အမိန့်ကိုဖီဆန်၍ သွားရေးလာရေးလွယ်ကူသော နေရပ်မှာပင် ဇွတ်ပေ၍ ဆက်လက်နေထိုင်သည်။

ထိုအခါ ကင်းဗဲ၏ အမိန့်အရ အင်္ဂလိပ်စစ်သားများက စစ်ရှောင်ဒုက္ခသည်များ၏ ရပ်ကွက်ကို မီးတင်ရှို့သည်။ အကာအကွယ်မရှိသော ရပ်ကွက်တွင် မီးလောင်ချိန်၌ လေပြင်းပါတိုက်ခတ်လာသောကြောင့် မပြေးနိုင်သူများ မီးလောင်သေဆုံးသည်။ ခေါင်းဆေးကျွန်းသို့ ရေကူးထွက်ပြေးသူအများစုမှာလည်း ရေနစ်သေဆုံးသည်။

မြန်မာ့သမိုင်းတွင် ကျူးကျော်ရပ်ကွက်ပြဿနာကို မီးရှို့သောနည်းဖြင့် ဖြေရှင်းသူများအနက် ကင်းဗဲသည် ပထမဆုံးဖြစ်သည်။ ကင်းဗဲသည် မီးလောင်ပြင်တွင် အမြောက်တပ်ချထား၍ မြန်မာတပ်များရှိရာ မုတ္တမဘက်သို့ အမြောက်များကို ချိန်ရွယ်ချထားသည်။ ခေတ်စနစ်အမျိုးမျိုးပြောင်းလဲပြီးနောက် မီးလောင်ပြင်တွင် ပေါ်ပေါက်လာသော ရပ်ကွက်ကို "မီးလောင်ပြင်ရပ်ကွက်"ဟု ခေါ်ကြသည်။

မော်လမြိုင်တွင် မီးသင့်ခံရသဖြင့် ဦးပြော့နှင့် အပေါင်းပါများသည် မော်လမြိုင်မှ (၄)မိုင်ခန့် ကွာဝေးသော အတ္ထရံမြစ်တစ်ဘက်ကမ်း၊ ညောင်ပင်ဆိပ်ရွာအနီးတွင် ထပ်ကေးရွာကို တည်ထောင်နေထိုင်ကြသည်။ ဦးပြော့သည် ထပ်ကေးရွာသို့ ရောက်သောအခါ သစ်လုပ်ငန်းကို အကြီးအကျယ် လုပ်ကိုင်သည်။ ဆင်ကောင်ရေများစွာပိုင်သဖြင့် ရပ်ရွာက "ဖိုးဆင်အုပ်"ဟု ခေါ်ကြသည်။

ဦးပြော့နှင့် ဒေါ်ဒိုတို့က သားသမီး (၆)ဦး ထွန်းကားသည်။ ၁။ မောင်သာညှင်း ၂။ မောင်ကလေး ၃။ မောင်သာဒွန်း ၄။ မဂွန်း ၅။ မဒွန်း-နှင့် ၆။ မလှခိုင် တို့ဖြစ်ကြသည်။ မောင်သာညှင်း၏ မွေးသက္ကရာဇ်မှာ ၁၈ သြဂုတ် ၁၈၄၃ သောကြာနေ့ ဖြစ်သည်။

မိဘနှစ်ပါးတို့သည် မောင်သာညှင်းအရွယ်ရောက် လူလားမြောက်သောအခါ သမိန်ပရူး၏ မြေး၊ ဒေါ်မယ်၏ စတုတ္ထသမီး မရင်နှင့် ကြီးကျယ်ခမ်းနားစွာ ထိမ်းမြားပေးသည်။ မရင်သည် မောင်သာညှင်း၏ တူမ တော်စပ်သည်။

ဦးသာညှင်း ဒေါ်ရင်တို့က ၁။ မငြိမ်းလှ ၂။ မောင်ဦးဘော် ၃။ မောင်ချစ်လှိုင် ၄။ မောင်မြတ်ငြိမ်း ၅။ မနှင်းမြနှင့် ၆။ မဧကြည် သားသမီး (၆) ဦး ထွန်းကားသည်။
တတိယသား မောင်ချစ်လှိုင်သည် အသက် (၂၀) အရွယ်တွင် အင်္ဂလန်မှ ဝတ်လုံဘွဲ့ရသည်။ ဂျီစီဘီအေ ခေါ် မြန်မာအသင်းချုပ်ကြီး (G.C.B.A = General Council of Burmese Associations)၏ ဥက္ကဋ္ဌကြီးဖြစ်လာသည်။ သရဖူမဆောင်းရသော မြန်မာပြည်၏ ဘုရင် (Uncrouned king of Burma) ဟု ခေါ်ဝေါ်ခံရသူဖြစ်သည်။ ပဉ္စမသမီးဖြစ်သူ ဒေါ်နှင်းမြသည်လည်း ၁၉၂၉ ခုတွင် ပထမဆုံး မိန်းမမင်းတိုင်ပင်အမတ် ဖြစ်ခဲ့သည်။ ထိုစဉ်က အမျိုးသမီးဝေါဟာရ မပေါ်သေးချေ။

ဦးဗြော့နှင့် ဒေါ်ဒိုတို့၏ သားကြီး သြရသဖြစ်သူ ဦးသာညှင်းသည် ဖခင်ကြီးနှင့်အတူ စီးပွားရေးလုပ်ငန်းများကို လက်ရေတစ်ပြင်တည်း လုပ်ကိုင်ရသဖြင့် ပညာသင်ယူခွင့် ကောင်းစွာမရခဲ့ချေ။ မုတ္တမ သုံးထပ်ကျော်ဆရာတော် သင်ကြားသော အခြေခံမွန်စာနှင့် မြန်မာစာတို့ကိုသာ တတ်ကျွမ်းသည်။

ဦးသာညှင်းသည် ဉာဏ်အမြော်အမြင်ရှိခြင်း၊ လုံ့လဝီရိယရှိခြင်းတို့ကြောင့် အကျိုးပေးကံကောင်း၍ ကြွယ်ဝချမ်းသာလာသည်။ မုပွန်ရပ်တွင် သစ်စက်တစ်လုံး၊ ဆန်စက်တစ်လုံးနှင့် အုတ်ကြွပ်စက် တစ်လုံးတို့ကို တည်ထောင်လာနိုင်သည်။ ကျားတံတားတွင်လည်း ဆန်စက်တစ်လုံး တည်ထောင်ခဲ့သည်။ ရွှေတစ်ကျပ်သား (၁၅)ကျပ်တန်ဖိုးရှိစဉ်က သိန်း (၄၀)ချမ်းသာသူဖြစ်သည်။ သံလွင်ဟိုတယ်၏ မူလပိုင်ရှင်ဖြစ်သော လော်ကမာ (H.Rookmanund) ဘာဘူသည်ပင်လျှင် ဦးသာညှင်းထံမှ ငွေချေးငှားခဲ့ရသည်။

ထိုစဉ်က ဦးသာညှင်းသည် ထပ်ကေးရွာ၌ နေထိုင်သည်။ အမှတ်(၂၅) ရှမ်းကုန်းလမ်း၊ ဒိုင်းဝန်ကွင်းတွင် ရုံးခန်းဖွင့်ထားသည်။ နေ့စဉ်ရုံးလာထိုင်ပြီး မော်လမြိုင်ရှိ မိမိပိုင်စက်ရုံများကို စီမံခန့်ခွဲသည်။ ရုံပြင်ကနားနှင့် ပတ်သက်သောကိစ္စများကို သားဖြစ်သူ ဝတ်လုံတော်ရ ဦးချစ်လှိုင်က ဆောင်ရွက်သည်။

ဦးသာညှင်းသည် စီးပွားရှာရာတွင် ဝီရိယရှိသကဲ့သို့ အလှူဒါနပြုရာတွင်လည်း ရက်ရောသည်။ ၁၉၀၂ ခုတွင် ဝဇီရာရာမဆရာတော်၏ သြဝါဒကို ခံယူကာ ဦးစိတ္တ၊ ဦးဗန်း၊ ဦးညို၊ ဦးတိုးလုံ တို့နှင့် အတူ "လောကဥသျှောင်"စေတီကို ပြင်ဆင်တည်ထားကိုးကွယ်သည်။ ၁၉၁၀ ခုတွင် ဦးဇိနဘုရားမြောက်ဘက်မုခ်၌ ဝတ်တော်ကြီးကို ဆောက်လုပ်လှူဒါန်းသည်။ ၁၉၁၄ ခုတွင် ရှင်မဟာဗုဒ္ဓဃောသကျောင်း (အ.ထ.က-၉)ဝင်းအတွင်း ဓမ္မာရုံကြီးကို ဆောက်လုပ်လှူဒါန်းသည်။ မြို့ပေါ်ရှိ စာသင်တိုက်ကြီးများ၏ ပစ္စည်းလေးပါ ဒါယကာအဖြစ်ခံယူကာ ထာဝရလှူဒါန်းသည်။

မိမိမွေးနေ့ဖြစ်သော သောကြာနေ့တိုင်း အရပ်လေးမျက်နှာမှ လာရောက်ကြသော လူကြီးလူငယ် လူမျိုးဘာသာမရွေး လူကြီးတစ်ဦးလျှင် (၁)ပဲ၊ လူငယ်တစ်ဦးလျှင် (၂)ပြား လှူဒါန်းသည်။ ထိုစဉ်က အသုပ်စုံတစ်ပွဲ တန်ဖိုးမှာ (၂)ပြားဖြစ်သည်။ ဆင်းရဲနွမ်းပါးသော ကျောင်းသားများကို ပညာသင်စရိတ်ထောက်ပံ့သည်။ လက်ရေးလှပြိုင်ပွဲ၊ လက်ရေးမြန်ပြိုင်ပွဲ ကျင်းပပေးပြီး ဆုများချီးမြှင့်သည်။

သီလရှင်များကိုလည်း တစ်ပတ်လျှင် တစ်ပါး (၄)ပဲ ကျစီလှူဒါန်းသည်။ စတုဒီသာ ကျွေးမွေးလှူဒါန်းပွဲများကိုလည်း အကြိမ်ကြိမ်ပြုလုပ်သည်။
ဦးသာညှင်းသည် မော်လမြိုင်မှာသာမက အထက်မြန်မာပြည်ရှိ စစ်ကိုင်းနှင့် မန္တလေးမြို့မှာပါ အလှူဒါနပြုခဲ့သည်။ စစ်ကိုင်းတောင်ရိုးရှိ သံဃာတော်နှင့် သီလရှင်များ ရေလုံလောက်စွာရရှိရေးအတွက် ရေစုပ်စက်တစ်လုံး လှူဒါန်းခဲ့သည်။

ဦးသာညှင်းသည် ၁၉၀၈ ခုတွင် မန္တလေးမြို့ မဟာသကျသီဟဘုရား ပရဝုဏ်အတွင်း ကျပ်ငွေ(၆)သောင်း အကုန်အကျခံ၍ သုဓမ္မာဇရပ်ကြီးတစ်ဆောင်နှင့် တန်ဆောင်းကြီးကို ဆောက်လုပ်လှူဒါန်းခဲ့သည်။ မန္တလေးမြို့တွင် ကျင်းပသော ပရိယတ္တိစာပြန်ပွဲသို့ စတင်ကျင်းပသော နှစ်မှ ကွယ်လွန်သည့်နှစ်အထိ တစ်လလျှင် (၁၅၀ဝ)ကျပ်လှူဒါန်းသည်။

၁၉၀၁ ခုမှစ၍ မန္တလေး မဟာဝိသုဒ္ဓါရုံဆရာတော်ဘုရားကြီးထံ လစဉ်တစ်လလျှင် ဆွမ်းစရိတ် (၁၂၀ဝ)ကျပ် လှူဒါန်းသည်။ ဆရာတော်ဘုရားကြီးက အလှူငွေကို ဝိနည်းနှင့်အညီ လက်ခံ၍ ဝိသုဒ္ဓါရာမ အရှေ့တိုက်၊ အနောက်တိုင်နှင့် မူလရွှေကျင်ငါးတိုက်ရှိ သံဃာတော်များအား ဝေဖန်လှူဒါန်းတော်မူသည်။ ထိုအချိန်မှစ၍ အထက်ပါ စာသင်တိုက်များရှိ သံဃာတော်များသည် ဆွမ်းပစ္စည်း၌ ယခင်ကထက်ပို၍ ဓရ နှစ်ပါးကို ချမ်းသာစွာ အားထုတ်ခွင့်ရတော်မူကြသည်။

ဦးသာညှင်းသည် မန္တလေးတင် ဤမျှကြီးကျယ်စွာ အလှူဒါနပြုခဲ့သော်လည်း မန္တလေးသို့မရောက်ဘူးချေ။ မန္တလေးရှိ ရဟန်းသံဃာနှင့် လူပုဂ္ဂိုလ်များသည် ဦးသာညှင်း၏ ဓာတ်ပုံကို အကြိမ်ကြိမ်လှမ်းတောင်းကြသော်လည်း ဦးသာညှင်းသည် တစ်ခါမျှ ဓာတ်ပုံအရိုက်ခံခြင်းမရှိသဖြင့် ဓာတ်ပုံမပေးပို့နိုင်ခဲ့ချေ။

ဦးသာညှင်းသည် ဇနီး ဒေါ်ရင်ကွယ်လွန်ပြီးနောက် ထပ်ကေးရွာမှ မော်လမြိုင်ရှမ်းကုန်းရပ်၊ အမှတ်(၂၅)နေအိမ်သို့ ပြောင်းရွှေ့နေထိုင်သည်။ ၁၉၁၈ ခုတွင် ထိုအိမ်၌ပင် ဦးသာညှင်း ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက်(၇၅)နှစ်ရှိပြီဖြစ်သည်။ ကျန်ရစ်သူမိသားစုသည် ကွယ်လွန်ပြီးစ ဦးသာညှင်း၏ အလောင်းတွင် သင့်တင့်လျှောက်ပတ်အောင် ဝတ်ဆင်ပေးပြီး သက်ရှိလူသားတစ်ဦးအသွင် ဖန်တီးကာ ဓာတ်ပုံရိုက်ယူနိုင်လိုက်သည်။

၂၀။ ဒိုင်းဝန်ကွင်း

ဗဒုံမင်း (ဘိုးတော်ဘုရား)သည် ၁၀ အောက်တိုဘာ ၁၇၈၂ မှ ၅ ဇွန် ၁၈၁၉ အထိ အမရပူရ နေပြည်တော်တွင် နန်းစံခဲ့သည်။ ဗဒုံမင်းလက်ထက် အထက်မြန်မာပြည်နှင့် မြေလတ်ပိုင်းတွင် (၇)နှစ်ဆက်တိုက် မိုးခေါင်သည်။ သဘာဝကပ်ဘေးဆိုက်ရောက်သဖြင့် လူနှင့် တိရစ္ဆာန်အများအပြား သေဆုံးသည်။

မြန်မာပြည်တွင် သဘာဝဘေးဆိုက်ရောက်နေသည်ကို အခွင့်ကောင်းယူ၍ ယိုးဒယား၏ အားပေးအားမြှောက်မှုဖြင့် ထားဝယ်မြို့စားနှင့် မြိတ်မြို့စားတို့က ပုန်ကန်သည်။ ပုန်ကန်မှုကို မနှိမ်နှင်းပါက မြိတ်နှင့် ထားဝယ်သည် ယိုးဒယားလက်အောက်ကျရောက်သွားမည်မှာ မလွဲဧကန်ဖြစ်သည်။ ထို့ကြောင့် ဗဒုံမင်းသည် ဒိုင်းဝန်ကွင်းမင်းကြီးကို နေပြည်တော်သို့ ဆင့်ခေါ်ပြီး အာဏာကုန်ပေးအပ်ကာ မြတ်ထားဝယ် ပုန်ကုန်မှုကို သွားရောက်နှိမ်နှင်းစေသည်။ ၁၈၁၉ ခုတွင် နေပြည်တော်မှ စတင်ထွက်ခွာသည်။

လမ်းခီးတစ်လျှောက်တွင် သေနတ်ကိုင်နိုင်သူ မှန်သမျှကို အတင်းအကြပ်ခေါ်ဆောင်သွားသည်။ "စလေ"သို့ ရောက်သောအခါ "ငကောက်"၏ ပုန်ကုန်မှုကို ကြုံတွေ့ရသည်။ ဒိုင်းဝန်ကွင်းမင်းကြီးက ပုန်ကန်မှုကို ရက်ရက်စက်စက် နှိမ်နှင်းသည်။ စလေမှ ဆက်လက်ချီတက်ရာ ပြည်မြို့သို့ရောက်သောအခါ စစ်သည် (၃၀ဝ၀)ထပ်မံရရှိသည်။ ပဲခူးမှ ကား (၉၀ဝ)သာရရှိသည်။ ရန်ကုန်တွင် ဒေသဆိုင်ရာ အာဏာပိုင်တို့က တစ်အိမ်ထောင်တစ်ယောက် စစ်မှုထမ်းရန်ဆင့်ခေါ်သည်။ 

စစ်သည်မပေးနိုင်သော အိမ်က ကျပ် (၂၀ဝ)မှ ကျပ် (၃၀ဝ)အထိ ကောက်ခံသည်။ မပေးနိုင်သူများ ထွက်ပြေးကြသည်။ ဒိုင်းဝန်ကွင်းမင်းကြီး မော်လမြိုင်သို့ရောက်သောအခါ စခန်းချ၍ စစ်သည်ထပ်မံစုဆောင်းသည်။ မော်လမြိုင်ရှိ ဒိုင်းဝန်ကွင်းမင်းကြီး စခန်းချခဲ့သော ကွင်းကြီးသည် နောင်အခါ “ဒိုင်းဝန်ကွင်း”ဟု ခေါ်တွင်လာသည်။

ထားဝယ်သို့ရောက်သောအခါ ဒိုင်းဝန်ကွင်းမင်းကြီး၏ တပ်တွင် စစ်သည် (၃၆၀ဝ၀)သာ ကျန်သည်။ လမ်းခရီးတွင် စစ်သည် (၄၀ဝ၀) သေကြေထွက်ပြေးသည်။ ဒိုင်းဝန်မင်းကြီးသည် ရှိသမျှအင်အားဖြင့် ထားဝယ်နှင့် မြိတ်မှ ပုန်ကန်မှုကို အောင်မြင်စွာ နှိမ်နှင်းနိုင်ခဲ့သည်။

ဒိုင်းဝန်ကွင်းမင်းကြီးသည် ရက်စက်ကြမ်းတမ်းသောလည်း တိုင်းပြည်ကာကွယ်ရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့သူ တစ်ဦးအဖြစ် မှတ်တမ်းတင်ရမည်ဖြစ်သည်။

Written by – အံ့ကျော်

Leave a Reply