မော်လမြိုင်၊ ဇန်နဝါရီ

မော်လမြိုင်မြို့နယ်၊ ကျိုက်သလ္လံ စေတီတော်အနီးမှ ဟောင်းနွမ်းပျက်စီးနေသည့် သက်တမ်းနှစ် ၁၂၀ ကျော်ရှိသော ရတနာဘုံမြင့်ကျောင်းကို ပြည်ထောင်စုအစိုးရက ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ဒုတိယညွန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“ပထမကတော့ ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး ပြင်ဆင်မယ်ပြောတယ်။ အခုကျတော့ ပြည်ထောင်စုအစိုးရက ပြင်မယ်လို့လွှဲပြောင်းပေးလိုက်တယ်။အမှန်တကယ်တော့ ပြည်နယ်ကပြင်မယ်ဆိုရင် ဒီနွေလောက်ဆိုရင် ပြီးနေပြီ။ ပြည်ထောင်စုကပြင်မယ်ဆိုရင် ဘယ်တော့စလုပ်မယ်ဆိုတာကိုတော့ မသိသေးဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါရှေးဟောင်းကျောင်းတော်ကြီးကို လာမည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင်လည်း ခြောက်လဘက်ဂျက် ဖြစ်သည့်အတွက် ပြင်ဆင်နိုင်ဦးမည်မဟုတ်ကြောင်း ၎င်းက သုံးသပ်ခန့်မှန်းသည်။

ကျောင်းကြီးမှာသစ်သားမျက်နှာကြက်များ၊ ကြမ်းခင်းသစ်သားနှင့် ဆင့်များဆွေးမြေ့ပျက်စီးခြင်း၊ သစ်သားပန်းပုရုပ်တုနှင့် ပလ္လင်များ မူလရွှေရောင်များ မှေးမှိန်လာသည့်ပြင်အချို့နေရာတွင် ပျက်စီးမှုများလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အဲဒီဘုန်းကြီးကျောင်းက မြန်မာမှုလက်ရာလည်းဖြစ်တယ်။ ဒါကို ရှေးမူမပျက်အောင် ပြန်လည်ပြုပြင် ထိန်းသိမ်းတာပါ” ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီး ဒေါက်တာ ထိန်လင်းက ဟင်္သာမီဒီယာသို့ ပြောကြားထားသည်။ယင်းကျောင်းတော်ကြီးမှာပြည်တွင်းပြည်ခရီးသွားဧည့်သည်များလာရောက်လေ့လာကြည့်ရှုရာသမိုင်းဝင်အမွေအနှစ်လက်ရာတစ်ခုဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

သမိုင်းဝင် ရတနာဘုံမြင့် ရှေးဟောင်းကျောင်းတော်ကြီးကို ပြန်လည်ပြုပြင်ရန် စရိတ်ကျပ်သိန်းပေါင်းတစ်ထောင်ကျော် ကုန်ကျနိုင်ကြောင်းမွန်ယဉ်ကျေးမှုပြတိုက်မှ ဒု-ညွန်ကြားရေးမှူး ဦးအောင်နိုင်မိုးက တွက်ဆ ခန့်မှန်းသည်။

Written by ခင်နန်းဌေး

Leave a Reply