မော်လမြိုင်၊ ဖေဖော်ဝါရီ ။ ။ မော်လမြိုင်မြို့၏ အဓိက နေရာများဖြစ်သော ဖက်တန်းရပ်ကွက်ရှိ အမှတ် (၁) နှင့် အမှတ် (၂) အောက်ဈေး နေရာများတွင် ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်ရန်အတွက် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း အမှတ် (၁၂) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး (မွန်) မှ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကျော်သူက ပြောသည်။

ဈေးနေရာများတွင် ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းရန် ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ မော်လမြိုင်မြို့နယ် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကော်မတီ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဈေးမိဈေးဖ တို့တွင် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့များအနေဖြင့် ယာဉ်ကြောရှုပ်ထွေးမှုများကို ဖြေရှင်းနိုင်သော်လည်း စည်ကမ်းမဲ့ ဈေးသည်များနှင့် စည်းကမ်းမဲ့ ယာဉ်လိုင်းများကို ဖမ်းဆီးခွင့် မရှိကြောင်း ၎င်းက ပြောဆိုသည်။

“အကိုတို့ အခက်အခဲက ဈေးသည်တွေကို စည်းကမ်းမဲ့လို့ သွားပြော ဂရုမစိုက်ဘူး၊ ဖမ်းခွင့်မှ မရှိတာ စည်ပင်ဘဲ ဂရုစိုက်တယ်၊ အဲ့လိုဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ယာဉ်လိုင်းများမှ ခရီးသည်များကို နေရာအတည်တကျ မရှိဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခြင်းကြောင့် ယာဉ်ကြောရှုပ်ထွေးမှုများ ဖြစ်လာကြောင်း အမှတ် (၂) အောက်ဈေးရှေ့ရှိ ဒိုင်းမွန်းသံဆိုင်မှ ဦးကျော်မြင့်က ပြောဆိုသည်။

“လွယ်လွယ်ကူကူ ဖမ်းဆီးတဲ့လူ မရှိတဲ့တွက်ကြောင့် ယာဉ်ကြောရှုပ်ထွေးမှု ဖြစ်ပေါ်နေတာ”ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။

အဆိုပါ ယာဉ်ကြောရှုပ်ထွေးမှုများသော နေရာများကို ဖြေရှင်းအတွက် တာဝန်ရှိသူအဖွဲ့များမှ လက်ရှိအချိန်ထိ ပူးပေါင်း ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးကျော်သူက ပြောသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply