မွန်ပြည်နယ် ၊ မော်လမြိုင်မြို့တွင်းခွင့်ပြုချက်မဲ့ နေ့စဉ်ပြေးဆွဲနေသည့် ဘေးတွဲပါဆိုင်ကယ်များကို စက်တင်ဘာလ(၁)ရက် နေ့မှစတင်ကာ ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် ယာဉ်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ခေါင်းဆောင် ဦးမြင့်ဆွေက ဟင်္သာမီဒီယာသို့ပြောသည်။

3Cycle

ဇူလိုင်လ ၂၆ရက်နေ့မှစတင်ကာ သြဂုတ်လ အတွင်းက ဘေးတွဲဆိုင်ကယ်များကိုအရေးယူနိုင်ရေး ပြည်နယ်အစိုးရရုံးတွင် အစည်းအဝေးများပြုလုပ်ခဲ့ပြီး ၂ဝ၁၅ မော်တော်ယာဉ်ဥပဒေနှင့်အညီအရေးယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဆွေက ပြောသည်။

“ စက်တင်ဘာလ ၁ရက်နေ့ကစပြီး ဘေးတွဲဆိုင်ကယ်တွေ မြို့ထဲမောင်းနေတာတွေ့လို့ရှိရင် ဖမ်းမယ်၊ ပြီးရင် တရားရုံး တင်ပြီး အရေးယူမယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

၂ဝ၁၅ခုနှစ် မွန်ပြည်နယ် မော်တော်ယာဉ်များဥပဒေတွင် ဘေးတွဲဆိုင်ကယ်ထုတ်လုပ်သူကို ဒဏ်ငွေ သိန်း ၅ဝသတ်မှတ်ထား ၍ ဆိုင်ကယ်များ ဘေးတွဲတပ်ဆင်ခြင်းကိုတားမြစ်ထားပြီးသုံးဘီးယာဉ်များ မြို့တွင်းမောင်းနှင်ခွင့်မပေး ထားသည့်အတွက် စည်းကမ်းမဲ့ပြေးဆွဲနေခြင်းကို အရေးယူနိုင်ကြောင်း အဆိုပါဥပဒေတွင် ပါရှိသည်။

“ ဘေးတွဲဆိုင်ကယ်အတွက် သတ်မှတ်ထားတဲ့ ဒဏ်ဆောင်နိုင်ရင် ဆောင်၊မဆောင်နိုင်ရင် ထောင်ချဆိုတဲ့ပုံစံမျိုး တွေလုပ်သွားမယ်” ဟု ဦးမြင့်ဆွေက ပြောသည်။

ဘေးတွဲပါ ဆိုင်ကယ်တစ်စီး၌ သတ်မှတ်ထားသည့် ဆိုင်ကယ်လိုင်စင်ရှိပါက ဒဏ်ငွေငါးသောင်းကျခံစေမည်ဖြစ်ပြီး လိုင်စင်မရှိပါက ဆိုင်ကယ်သိမ်းခြင်းနှင့် ပိုင်ရှင်ကိုအရေးယူခြင်းများဆောင်ရွက်ရန် ပြည်နယ်အစိုးရမှ ညွှန်ကြားထားကြောင်း သိရသည်။

“ လုပ်ငန်းလိုင်စင်တင်ထားတာမရှိဘဲမောင်းနေတာတွေအပြင် ဘေးတွဲဆိုင်ကယ်တွေက မီးတွေမရှိတော့ ယာဉ်တိုက်မှုခဏခဏဖြစ်နေတာတွေ့ရတယ်” ဟု ၎င်းကပြောသည်။

မြို့တွင်း ပြေးဆွဲနေသည့် ဘေးတွဲဆိုင်ကယ်များအရေးယူခြင်းမဆောင်ရွက်မီ သြဂုတ်လကို ပညာပေးကာလ အဖြစ်သတ်မှတ်ထားပြီး ဖမ်းဆီးအရေးယူမှုလျော့နည်းစေရန် လုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောသည်။

Leave a Reply