မော်လမြိုင်၊ မတ် ၁၅ ။ ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ပျက်စီးနေသော မီးပွိုင့်များပြင်ဆင်ခြင်း၊ မီးပွိုင့်လိုအပ်သည့် နေရာများတွင် အသစ်ထပ်မံ တပ်ဆင်ခြင်းများ ပြုလုပ်ရန်အတွက် ယခုဘဏ္ဍာနှစ်၌ ဘက်ဂျက်ငွေ လုံလောက်မှု မရှိကြောင်း မွန်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ပြောဆိုသည်။

“ဒီမီးပွိုင့်တွေနဲ့ ပတ်သက်လို့ မဖြစ်မနေ ဆောင်ရွက်ရမှာလည်း ဖြစ်ပါတယ်။ တစ်ချို့ဟာတွေလည်း ပြန်အပ်နေပြီးဆိုတော့ လာမည့်ဘက်ဂျက်ကျမှ အမြန်ဆုံးတပ်ဆင်နိုင်ဖို့အတွက် အစိုးရအဖွဲ့ကို တင်ပြပြီး ဆောင်ရွက်သွားမှာပါ”ဟု ၎င်းက ပြောဆိုခဲ့သည်။

မတ်လ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (ပထမနေ့) တွင် ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မော်လမြိုင်မြို့နယ်အတွင်းရှိ မီးပွိုင့်များ ၂၄ နာရီ ဖွင့်ပေးရန် အစီအစဉ်ရှိမရှိနှင့် ပတ်သက်၍ မေးခွန်းမေးမြန်မှုကို မွန်ပြည်နယ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမင်းထင်အောင်ဟန်က ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန် မီးပွိုင့်များအားလုံး ကောင်းမွန်ရန် ပြုပြင်ပေးထားပြီးဖြစ်ကာ ဓါတ်အားလိုင်း ပြတ်တောက်သည့် အချိန်များနှင့် ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အချိန်မှလွဲ၍ ၂၄ နာရီ ဆောင်ရွက်ရန် ဓါတ်အားလိုင်း ပေးထားကြောင်း ၎င်းက ဆိုသည်။

“စည်ပင်က ပြောတာတော့ ဒီစက်တွေက ၂၄ နာရီ ဖွင့်ထားရင် လောင်တတ်တယ်ဆိုတော့ ကျွန်တော်က ပြန်တင်ပြတယ်။ ရန်ကုန်မြို့မှာ ၂၄ နာရီဖွင့်ထားတာ ဘာမှမဖြစ်ဘူး မော်လမြိုင်မြို့မှာ အချိန်နဲ့ ဖွင့်တာကတော့ မဖြစ်သင့်ဘူး။ လောင်တတ်တယ်ဆိုလည်း လောင်တော့ ကျွန်တော်တို့ ဘက်ဂျက်နဲ့ပြင်မှာပေါ့ နောက်ပြီး ကျွန်တော်တို့မော်လမြိုင်မြို့မှာ မီးပွိုင့်တွေ လိုအပ်နေတဲ့ နေရာတွေ အများကြီးရှိပါတယ်၊ အဲ့တာတွေလည်း အမှန်တစ်ကယ် လိုအပ်တဲ့နေရာတွေမှာ ထပ်ပြီးတော့
တပ်ဆင်ပြီး လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်”ဟု ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။

မီးပွိုင့်များ ပြင်ဆင်ပြုပြင်ခြင်းနှင့် ပတ်သက်၍ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ပြုပြင်ပေးလျက်ရှိပြီး မော်လမြိုင်မြို့တွင် လက်ရှိအချိန်၌ မီးပွိုင့် ၁၀ ခုတပ်ဆင်ထားကာ ယာဉ်ကြော ပိတ်ဆို့မှုများကို ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Written by – ဟိန်းထက်

Leave a Reply