မွန်ပြည်နယ် မော်လမြိုင်မြို့အတွင်းရှိပျက်စီးနေသည့်လမ်းမီးများကိုအစားထိုးတပ်ဆင်ရန် ဌာနဆိုင်ရာများတွင် လုပ်ငန်းစရိတ်မရှိ၍တပ်ဆင်ဆောင်ရွက်နိုင်ခြင်းမရှိသေးခြင်းဖြစ်ကြောင်းမွန်ပြည်နယ် လျှပ်စစ်စွမ်းအင်နှင့် စက်မှုဝန်ကြီးဦးမင်းထင်အောင်ဟန်ကဟင်္သာမီဒီယာသို့ ပြောသည်။

min htin aung hun

မော်လမြိုင်မြို့ပေါ်မှ စီးပွားရေးလုပ်ငန်းရှင်များက လမ်းမီးများကိုတတ်အားသမျှပါဝင် လှူဒါန်းနေသော်လည်းတပ်ဆင်ရန်အတွက် ကုန်ကျစရိတ် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

“လမ်းမီးလုပ်ဖို့အတွက် အဓိကပိုက်ဆံလိုနေတယ်၊ ပြီးတော့ ဒါကစည်ပင်ကလုပ်ရမယ့် အလုပ်ဖြစ်ပေမယ့် သူ့မှာလည်းသူ့စရိတ်နဲ့ အနိုင်နိုင်ဖြစ်နေတဲ့ အနေအထားမှာရှိနေတယ်”ဟု၎င်းက ဆက်လက်ပြောဆိုသည်။

အစိုးရလျှပ်စစ်လမ်းမီးကြိုးများသွယ်တန်းမှုပြုလုပ်မည့်အချိန်တွင် လမ်းမီးအလုံး ၃၀ဝ ကို လှူဒါန်းပေးမှု ပြုလုပ်ပေးသွားမည်ဟုကျော်ကြားဆောက်လုပ်ရေးမှ ဦးတင်လှိုင်ကပြောကြားသည်။

မော်လမြိုင်မြို့တွင်းရှိလမ်းမီးအများစုမှာပျက်စီးနေပြီးယခင်အစိုးရသက်တမ်းများတွင် ဆောင်ရွက်သကဲ့သို့ ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် လမ်းမီးတပ်ဆင်ခြင်းလည်းမရှိကြသဖြင့် လမ်းများမှောင်မိုက်လျက်ရှိနေကြောင်းဦးမင်းထင်အောင်ဟန်ကပြောဆိုသည်။

မော်လမြိုင်မြို့ပေါ်ရှိလမ်းမီးများအတွက် ဓာတ်အားခကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ကတစ်လလျှင် ငွေကျပ်သိန်း ၆ဝ ခန့် ပေးဆောင်နေရကြောင်းမော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိဦးမြင့်သိန်းက ဆိုသည်။

“ဒါကအမှန်တိုင်းပြောရရင် EPC တာဝန်တွေဖြစ်ပါတယ်၊ စည်ပင်ကဓာတ်အားခပေးဖို့ တာဝန်ယူတယ်၊ EPC က မီးလုံးတပ်ရတယ်၊ သူတို့မှာလည်းဘတ်ဂျက်မရှိကိုယ့်မှာလည်းဘတ်ဂျက်မရှိတော့ ရသလောက်ပဲလုပ်လိုက်တယ်”ဟု ၎င်းက ပြောသည်။

မြို့တစ်လျှောက်ရှိဓာတ်တိုင်၁၈ဝဝကျော်ကိုလဲလှယ်ခြင်းလုပ်ငန်းများဆောင်ရွက်မှုနှင့်အတူပျက်စီးနေသည့်လမ်းမီးများကိုပါတစ်ဆက်တည်းပြုပြင်တပ်ဆင်နိုင်ရန်စီစဉ်နေကြောင်းဦးမင်းထင်အောင်ဟန်ကပြောသည်။

လမ်းမီးအသစ် တပ်ဆင်လဲလှယ်ခြင်းလုပ်ငန်းများကို EPC က အစအဆုံးတာဝန်ယူဆောင်ရွက်ပေးရန် မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်ထောင်စုအစိုးရထံသို့ တင်ပြတောင်းဆိုထားကြောင်းဦးမြင့်သိန်းကပြောပြသည်။

Leave a Reply