မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၇ ။ ။ မွန်ပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်းများ ပိုမိုလွယ်ကူလာစေရန်နှင့် ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မွန်ပြည်နယ်ရှိ မော်လမြိုင်လေဆိပ်နှင့် တနင်္သာရီ တိုင်းဒေသကြီးရှိ ကော့သောင်းလေဆိပ်ကို အဆင့်မြှင့်တင်ခြင်းအတွက် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ ကုမ္ပဏီနှစ်ခုနှင့် ထိုင်းနိုင်ငံလုပ်ငန်းရှင်တစ်ဦးတို့သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ Royal Thai Embassy Office of Commercial Affairs ရုံးတွင် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

မော်လမြိုင်လေဆိပ်ကို အဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ဆောင်ရန် Hinthar Group Holdings Co.,Ltd မှ CEO မင်းဗညားစန်း၊ ထိုင်းနိုင်ငံအခြေထိုက် Bangkok Aviation Services Co., Ltd မှ Mr Boonsom Phoungkaew နှင့် ထိုင်းနိုင်ငံမှ လုပ်ငန်းရှင် Mr. Nitipong Boonsong တို့မှ ရင်းနှီးမြှုပ်နှံမှု သဘောတူ လက်မှတ် ရေးထိုးခဲ့ကြောင်း Hinthar Group Holdings Co.,Ltd မှ Business Development Manager ဦးဇော်မင်းက ပြောကြားသည်။

မော်လမြိုင်လေဆိပ်ကို အဆင့်မြှင့်တင်ရန် သဘောတူပြီး လေကြောင်းပြေးဆွဲမှုအပိုင်းပါ အဆင့်မြှင့်တင်ရန် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအပြင် ကော့သောင်း လေဆိပ်ကိုပါ အဆင့်မြှင့်တင်ရန် သဘောတူလက်မှတ် ရေးထိုးခြင်းဖြစ်ကြောင်း ဦီးဇော်မင်းက ဆိုသည်။

အဆိုပါ လေယာဉ်ကွင်း အဆင့်မြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုအရ ကုမ္ပဏီနှစ်ခုနှင့် လုပ်ငန်းရှင်တစ်ဦးတို့ သဘောတူထားသော်လည်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ Proposal တင်ပြပြီး ခွင့်ပြုချက်ရရှိပါက လုပ်ငန်းစတင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

Written by – ရင်ငြိမ်းချမ်း

Leave a Reply