Thursday, October 22, 2020

မွန်ပြည်နယ် မော်လမြိုင်မြို့နယ်သို့ အခြားဒေသမှ ရောက်ရှိလာပြီး ရက် ၉၀ ထက်မနည်း နေထိုင်ခဲ့သူများက လာမည့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲ ပေးနိုင်ရန် ပုံစံ ၃(က)ဖြင့် လျှောက်ထားသူဦးရေ ၂၆၀၀ နီးပါး ရှိခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

“ပုံစံ ၃(က)နဲ့ လျှောက်ထားမှုအခြေအနေကတော့ ၂၅၉၉ ဦး လျှောက်ထားခဲ့တယ်”ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က အောက်တိုဘာ ၂၀ တွင် ပြောကြားသည်။

မဲဆန္ဒနယ် ပြင်ပရောက် ပြည်သူများအနေဖြင့် လက်ရှိရောက်နေရာဒေသတွင်ပင် ဆန္ဒမဲပေးနိုင်ရန် ပုံစံ ၃(က)ဖြင့်လည်းကောင်း၊ ပုံစံ ၁၅ ဖြင့်လည်းကောင်း လျှောက်ထားနိုင်ကြကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်များ ထုတ်ပြန်ထားခဲ့သည်။

ပုံစံ ၃ (က) ဖြင့် လျှောက်ထားသူသည် ရပ်ကွက်ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးသို့ သွားရောက်လျှောက်ထားနိုင်ပြီး ပုံစံ ၁၅ ဖြင့် လျှောက်ထားလိုသူမှာမူ မြို့နယ်အဆင့် ရုံးများသို့သာ လျှောက်ထားခွင့် ရှိကြောင်း နှင့် ပုံစံ ၃ (က) ဖြင့် လျှောက်ထား၍ မဲပေးခွင့်ရပါက လက်ရှိရောက်နေရာ မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများကိုသာ ရွေးကောက်ပွဲနေ့၌ မဲပေးခွင့် ရကြမည်ဖြစ်ပြီး ပုံစံ ၁၅ ဖြင့် လျှောက်ထားလျှင် မိမိနေရပ်ရင်း မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ကြိုတင်မဲစနစ်ဖြင့် ဆန္ဒပြုပိုင်ခွင့် ရရှိကြမည်ဖြစ်ကြောင်း သိရသည်။

ပုံစံ ၃ (က) ဖြင့် လျှောက်ထားမှုအားလုံးကို ယခင်လ စက်တင်ဘာ ၁၇ မှ ယခုလအောက်တိုဘာ ၁၀ ရက်နေ့ထိ လက်ခံပြီးစီးကြပြီဖြစ်သော်လည်း ပုံစံ ၁၅ ဖြင့် လျှောက်ထားလိုသူများမှာ အောက်တိုဘာ ၂၅ ရက်နေ့ထိ လျှောက်ထားနိုင်ကြောင်း သိရသည်။

“မဲပေးရမယ်ဆိုရင်တော့ ကိုယ့်မဲဆန္ဒနယ်ထဲက အမတ်လောင်းကိုပဲ မဲပေးချင်တယ်။ မပြန်နိုင်တော့လည်း ဒီ(မော်လမြိုင်)မှာပဲ မဲပေးဖို့ ရပ်ကွက်ရုံးမှာ ပုံစံ ၃ (က) တောင်းပြီး ခုလ ၈ ရက်နေ့မှာ လျှောက်လိုက်တယ်။ လျှောက်ပြီးတဲ့အခါမှ ပုံစံ ၁၅ ကနေ ကိုယ့်မဲဆန္ဒနယ် နယ်မြေရင်းကို လှမ်းပြီး ကြိုတင်မဲ ပေးခွင့် ရှိကြောင်း သိလိုက်ရတယ်။ ကိုယ့်အတွက် လွဲသွားတယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ မော်လမြိုင်သို့ ရောက်ရှိနေခဲ့သည့် မဲဆန္ဒရှင်ပြည်သူ ကိုနေဝင်းမောင် (အမည်လွှဲ) က ပြောသည်။

၎င်းမှာ မော်လမြိုင် မရမ်းကုန်းရပ်ကွက် ကော်မရှင်ရုံးခွဲတွင် ပုံစံ ၃ (က) တင်သွင်းလျှောက်ထားပြီးသူလည်းဖြစ်သည်။

လက်ရှိ မော်လမြိုင်မြို့နယ်တွင် ပုံစံ ၁၅ ဖြင့် လျှောက်ထားသူများမှာ အောက်တိုဘာ ၁၉ ရက်မှစတင်ကာ ကြိုတင်မဲ ပေးနေကြပြီဖြစ်ကြောင်း မော်လမြိုင်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်မိုးဇင်မာဦးက အောက်တိုဘာ ၂၀ တွင်ပြောကြားသည်။

“တခြားမြို့နယ်ကနေပြီးတော့ ပုံစံ ၁၅ တွေ လျှောက်တဲ့အတွက်ကြောင့် မဲလက်မှတ် ရောက်လာတာ ရှိတယ်။ မနေ့ကဆိုလို့ရှိရင် ၄၁ စောင် ရောက်လာတယ်။ အဲဒါကို ညနေ ၆ နာရီကနေ ၇ နာရီအတွင်းမှာ ပြည်သူတွေကိုခေါ်ပြီးတော့ မြို့နယ်ရုံးမှာ ကြိုတင်မဲပေးခဲ့တယ်ပေါ့။ အခုကြိုတင်မဲတွေစပေးနေပါပြီ” ဟု ဒေါ်မိုးဇင်မာဦးက ပြောသည်။

ကိုဗစ်နိုင်တင်းကပ်ရောဂါ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများကြောင့် နေရပ်မပြန်နိုင်သူများမှာ ပုံစံ ၁၅ ဖြင့် ယခုလ ၂၅ ရက်ထိလျှောက်ထားနိုင်ကြပြီး မြို့နယ်ရုံးများတွင် ဆန္ဒမဲ ကြိုတင်ပေးပိုင်ခွင့်ရရှိကြမည်ဖြစ်သည်။ ယင်းသို့မဲပေးရာတွင် လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ကြစေရန် စီမံဆောင်ရွက်ထားသည်ဟုဆိုသည်။

မွန်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈ သိန်းဝန်းကျင်ရှိနေပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရလာသူ လူငယ် တစ်သိန်းကျော်ရှိနေသည်။ ဘီးလင်းမြို့နယ် ဘောနော်ခီးကျေးရွာမှအပ ပြည်နယ်တစ်ဝန်းတွင် ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။

NMT

<><><>
#HintharMedia
#News
#Election2020

Leave a Reply