မော်လမြိုင် ၊ မတ် ၂၁ ။ ။ နှစ်ပေါင်း ၁၀၀ကျော် ကြာမြင့်ပြီ ဖြစ်သည့် မော်လမြိုင် အကျဉ်းထောင် လွှဲပြောင်းရေးကိစ္စကို အစိုးရသစ် ချမှတ်ပေးသည့် မှုဝါဒ အတိုင်း လုပ်ဆောင်မည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန မွန်ပြည်နယ် တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကြီးက ဟင်္သာမီဒီယာသို့ပြောကြားသည်။

hhhhhh

မော်လမြိုင်ထောင်ပြောင်းရွှေ့ရေး ကိစ္စနှင့် ပတ်သတ်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ က တစ်စုံရာ ညွန်ကြား ထားခြင်းမရှိ သေး သောကြောင့် အစိုးရ သစ်က ကသာလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ကျွန်တော်တို့ကတော့ ပြည်နယ်အစိုးရ ဒါမှမဟုတ် ပြည်ထောင်စုအစိုးရတစ်ခုခုကို လွှဲပေးခဲ့ရမယ်၊ အကျဉ်း ဦးစီးရုံးချုပ်အစီအစဉ်နဲ့ပဲ လုပ်နေရတာ၊ နောက်အစိုးရအသစ်လက်ထက်ကျတော့မှ ဒီမော်လမြိုင် ထောင်အဟောင်းကို မူဝါဒတစ်ခုခုရေးဆွဲပြီး သူတို့မူဝါဒအတိုင်း ဘယ်ကိုလွှဲပေးပါဆိုရင် ကျွန်တော်တို့က လွှဲပြောင်းပေး ရမှာဘဲ”ဟု ဦးခင်မောင်ကြီးက ဆိုသည်။

၂၀၁၃ ခုနှစ် က စတင်တည်ဆောက် လျက်ရှိသော ကျိုက်မရောအကျဉ်းထောင် စီမံကိန်းကို ၂၀၁၆ခုနှစ်တွင် ပြောင်းရွှေ့နိုင်မည်ဟု ကနဦး ထုတ်ပြန်ကြေညာထားသော်လည်း လက်ရှိအချိန်တွင် ရ၅ရာခိုင်နှုန်းမျှသာ ပြီးစီး သောကြောင့် ၂၀၁၇ ခုနှစ်အစပိုင်းတွင်သာ ပြောင်းရွှေ့နိုင်မည်ဖြစ်ကြောင်း ၄င်းက ရှင်းပြသည်။

အကျဉ်းထောင်အသစ်ဖွဲ့စည်းပုံအရ အခန်းတိုင်းတွင် စောင့်ကြပ်သည့် ဝန်ထမ်းများ၏ အခန်းများပါဝင်ပြီး လုံခြုံရေးပိုင်းအရ ပိုမိုကောင်းမွန်ကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“ထောင်အဟောင်းကိစ္စကို တိတိကျကျမပြောကြသေးဘူး၊ မြို့နဲ့ပက်သက်တဲ့ တစ်ခုခုလုပ်မှာလား၊ ဒါမှမဟုတ် ဆေးတက္ကသိုလ်ဆောက်ရင်ကောင်းမလား၊ အဲဒါကတော့ သူတို့အချင်းချင်း ပြောကြဆိုကြတာရှိတယ်။ ဆုံးဖြတ် ချက်ရယ်လိုတော့ မကျသေးဘူး။” ဟု မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးကျင်ဖေက ပြောကြားသည်။

မွန်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့ အတွက် မော်လမြိုင်ထောင်အဟောင်း အကျယ်အဝန်းအရ မော်လမြိုင် ဆေးတက္ကသိုလ် တစ်ခု ဆောက်လုပ်သင့်ကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင်အကျဉ်းထောင် လွှဲပြောင်းရေးကိစ္စနှင့်ပတ်သက်ပြီး ပထမအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ကြိမ် မြောက်အစည်းအဝေးတွင် မေးမြန်ခဲ့ရာ ပြည်ထဲရေးဌာန ပိုင်မြေဖြစ်သည့်အတွက် ပုဂ္ဂလိကကိုလွှဲပြောင်းပေးရန် အစီအစဉ်မရှိသေးကြောင်း ကို ပြန်လည်ဖြေကြားခဲ့ကြောင်း ချောင်းဆုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး ကပြောသည်။

“ဒါပေမဲ့ ဒီဟာကြီးကို အကုန်လုံး ပြတိုက်ထားဖို့ ဆိုလည်း Tourism တွေကို ကျွန်တော်တို့က ဆွဲဆောင်မှုတစ်ခုအနေနဲ့ လုပ်လို့ သိပ်အဆင်ပြေမယ်လို့လည်း မထင်ဘူး။ အကယ်၍ ဒီမြေတွေအားလုံးကို ပြည်သူတွေ အတွက် အပန်းဖြေအနားယူနိုင်မဲ့ ပြည်သူ့ဥယျာဉ်လိုကွင်းမျိုး လုပ်မယ်ဆိုရင် အကျိုးရှိနိုင်တယ် ”ဟု ၄င်းကပြောကြားသည်။

လာမယ့်လွှတ်တော်သက်တမ်းကာလတွင် ယင်းကိစ္စကို အဆိုတစ်ခုအနေနဲ့ တင်သွင်းရန် အစီအစဉ်ရှိကြောင်း ၄င်းကပြောဆိုသည်။

ကျိုက်မရောမြို့နယ်၊ရေတွင်းကုန်းကျေးရွာတွင် အသစ်တည်ဆောက်လျက်ရှိသော အကျဉ်းထောင်၏ အကျယ် အဝန်းမှာ ၁၆ဧကရှိပြီး မော်လမြိုင်ထောင်ဟောင်းအတိုင်း (က) အဆင့် ရှိကာ အကျဉ်းသား ဦးရေ ၁၀၀၀ ထားရှိမည်ဖြစ်ကြောင်း အကျဉ်းဦးစီးဌာန မှ သိရသည်။

Leave a Reply