Advertisements

မော်လမြိုင်၊ မတ် ၂၃

မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်အပါအဝင် မြို့နယ် ၈ ခုတွင် အတက်ရောဂါ စီမံချက်ကို ယခုနှစ်၌ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့၊ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဌာနမှ ပါမောက္ခ ဒေါက်တာစမ်းဦးက ဟင်္သာမီဒီယာသို့ ပြောကြားသည်။ အဆိုပါစီမံချက်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဦးနှောက်နှင့် အာရုံကြောဌာန နှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့- WHO တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး၂၀၁၃ ခုနှစ်က စတင်ပြုလုပ်ခဲ့ကာ အတက်ရောဂါဖြစ်ပွားသူ ၄၀ ရာခိုင်နှုန်း လျော့နည်းလာသည်ဟု သိရသည်။

စီမံချက်ကို လေးနှစ်ကာလ ထပ်မံတိုးမြှင့်၍ ယခုနှစ်တွင် မွန်ပြည်နယ် ၁၀မြို့နယ်အနက် မြို့နယ် ၈ ခုတွင် စတင်ရန် လျာထားကြောင်း ၎င်းက ပြောသည်။

“ဒီနှစ်မှာတော့ မြို့နယ်ကို ရွေးမယ့် ပုံစံမျိုးမဟုတ်ဘဲ ပြည်နယ်နဲ့တိုင်းတွေကို လုပ်တဲ့ စနစ်သွားကြမယ်ပေါ့။ ဒီပြည်နယ်မှာ အကောင်အထည်ဖော်လက်စ ဖြစ်နေတဲ့အတွက် ပထမဦးဆုံး ပြုလုပ်ရခြင်းဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ စီမံချက်တွင် အတက်ရောဂါဖြစ်ပွားသူလူနာများအတွက် ဆေးဝါးများကို အခမဲ့ပေး၍ကုသသွားမည် ဖြစ်ကြောင်း၊ အတက်ရောဂါနှင့်စပ်လျဉ်းသည်များကို ကျန်းမာရေးဝန်ထမ်းများအား သင်တန်းပေး ပို့ချသွားမည်ဖြစ်ကြောင်း ၎င်းကထပ်မံရှင်းပြသည်။

ယခုစီမံချက်ကို ကျိုက်ထိုမြို့နယ်နှင့် သထုံမြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ပြုလုပ်ခဲ့ပြီး ယခုကျန်ရှိသည့် ရှစ်မြို့နယ်၌ လာမည့် ဧပြီလအတွင်း အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဒေါက်တာ စမ်းဦးက ပြောသည်။

“ယခင်က ဆေးဝါးမလုံလောက်ခြင်း၊ အတက်ရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ ကျွမ်းကျင်ဝန်ထမ်း မလုံလောက်ခြင်းတို့ဟာလည်း ကုသမှုနဲ့ ကွာဟချက်တို့ ပိုဆိုးဝါးစေတယ်။ ဒီနှစ်မှာ ကျန်နေတဲ့ ရှစ်မြို့နယ် အားလုံးကို လွှမ်းခြုံသွားမယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံက ဆိုသည်။

လက်ရှိ မွန်ပြည်နယ်၌ မြို့နယ်တစ်မြို့နယ်အလိုက် လူဦးရေ တစ်ထောင်လျှင် ၁.၆ ယောက် အတက်ရောဂါ ဖြစ်ပွားနေသည်ဟု ပါမောက္ခ ဒေါက်တာစမ်းဦးက ဆိုသည်။

Written by ခင်နန်းဌေး

Advertisements
<

Leave a Reply