မော်လမြိုင်၊ အမှတ်(၁)ဈေးကြီးတွင် ရောင်းအားကျဆင်းနေကြောင်း ဆိုင်ရှင်များဆို

မော်လမြိုင်၊ ဇူလိုင်

မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီးရှိ ဆိုင်ခန်းများ ဈေးရောင်းပါးခြင်းမှာ မိုးတွင်းကာလဖြစ်ခြင်းသာမက ကုန်ဈေးနှုန်းမြင့်တက်မှု ပြည်သူလူထု စီးပွားရေးကျပ်တည်းလာမှု ပေါင်းဆုံခြင်းကြောင့်ဖြစ်သည်ဟု ဇူလိုင် ၁၇ရက်နေ့တွင် ဈေးသူဈေးသားများက ပြောသည်။

“စီးပွားရေး မကောင်းတော့ လူတွေက မသုံးဖြုန်းနိုင်ဘူး။ ယိုးဒယားကနေ ကယ်ရီသမား တွေနဲ့သွင်း ရတော့ ဘတ်ဈေးတက်ရင် ပစ္စည်းကဈေးကြီးပေးဝယ်ရပြီး ပြန်ရောင်းတော့ ဝယ်လိုအားမရှိတော့ဘူး” ဟု မင်းစည်သူ အထည်ဆိုင်မှ မိခင်ဝင်းက ဆိုသည်။

ပြည်နယ်နှင့်တိုင်း နေရာအနှံ့အပြား ကုန်ဈေးနှုန်းများမြင့်တက်လာသဖြင့် ဝင်ငွေ
ထွက်ငွေမမျှတဖြစ်ကာ စီးပွားရေးကျပ်တည်းလာကြောင်း၊ ယခင်နှစ်မိုးတွင်းထက် ၁၀ရာခိုင်နှုန်းခန့် ရောင်းအားကျဆင်းသွားကြောင်း ၎င်းကပြောသည်။

“ရောင်းအားက သိပ်မရှိဘူး။ နေ့တွက်ကိုက်ဖို့တောင် သိပ်မလွယ်လှဘူး။ ဈေးကြီးပေးဝယ်ရမယ်ဆို မဝယ်နိုင်တော့ဘူး။ မဖြစ်မနေ ဝယ်ရမယ့်ပစ္စည်းလောက်ပဲ ဝယ်ကြတော့တာ။ ကုန်ဈေးနှုန်းကျသွား
အောင် အစိုးရက လုပ်ပေးရင်တော့ ပိုကောင်းမယ်” ဟု လျှပ်စစ်ပစ္စည်းအသေးစား ရောင်းဝယ်သူ ဦးစိန်ဝက် က
ဆိုသည်။

မော်လမြိုင်မြို့၊ အမှတ်(၁)ဈေးကြီးအတွင်း၌ အထည်ဆိုင်၊ ကြွေထည်ဆိုင်၊ဆေးဆိုင်၊ လျှပ်စစ်ပစ္စည်းဆိုင်
စသဖြင့် ဆိုင်ခန်းပေါင်းမြောက်မြားများစွာရှိပြီး မိုးတွင်း၌ ဈေးရောင်းပါးကြောင်းသိရသည်။

Written by – မြစံပယ်ခိုင်

1 comment:

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်