မော်လမြိုင် အောက်တိုဘာ

မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် ပြည်တွင်းပြည်ပခရီးသွားများ သွားလာရလွယ်ကူစေရန်နှင့် ညနေခင်းအလှကြည့်ရှုနိုင်ရန်အတွက် အလှစီးမြင်းလှည်းများကို ထားရှိသွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုး၊ မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက ပြောဆိုသည်။

ထိုကဲ့သို့ စီစဉ်ရခြင်းမှာ ကမ်းနားလမ်းသည် မြန်မာနိုင်ငံ၏ အရှည်ဆုံး ကမ်းနားလမ်း ဖြစ်သည့်အလျောက် ခရီးသွားများ ပိုမို ဆွဲဆောင်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကာ အလှစီးမြင်းလှည်းအတွက် လိုအပ်သော မြင်းမျာကိုလည်း ထိုင်းနိုင်ငံမှ မှာယူသွား မည်ဟု ၎င်းကပြောသည်။

“ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ပေးနိုင်သလောက်ကို ထပ်ဖြည့်ပြီး လုပ်ဆောင်ပေးမှာပါ၊ အခုလည်း ခရီးသွားဝင်ရောက်မှုများလာအောင် ကမ်းနားလမ်းမှာ အလှစီးမြင်းလှည်းတွေကို ထားပေးမယ်”ဟု ဦးထွန်းဌေးက ဆိုသည်။

ယင်းအပြင် ပြည်နယ်အစိုးရအနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးစေရန်အတွက် တက်နိုင်သည့်ဘက်မှ ချိတ်ဆက်ကာ ဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက ပြောသည်။

ကမ်းနားလမ်းကို အဆင့်မြှင့်တင်ရန်နှင့် အလှဆင်ရန် လိုအပ်ကြောင်း မော်လမြိုင်မြို့မှ ဒေသခံ ဦးစောကိုကိုက ပြောကြားသည်။

“ကမ်းနားလမ်းကို အဆင့်မြင့်တင်ဖို့က လိုကိုလိုအပ်တယ်၊ တော်တော်လှတာဗျ၊ နောက်ပြီး ငါးဖမ်းလှေတွေက ပိုက်တွေနဲ့ အညစ်အကြေးတွေက ရုပ်ဆိုးစေတယ်၊ နှမြောဖို့ကောင်းတယ်၊ အနံ့အသက်လည်းမကောင်းဘူး၊ လေကလည်းမလတ်ဆတ်တော့ဘူး”ဟု ၎င်းက ပြောသည်။

မော်လမြိုင်တွင် ကမ်းနားလမ်းနှင့် တောင်ပေါ်တန်းသည် ပြည်တွင်းပြည်ပခရီးသွားများကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုဖြစ်သောကြောင့် ပိုမိုလှပကောင်းမွန်စေရန် ဆောင်ရွက်သင့်ကြောင်း ဆက်လက်ပြောသည်။

ထိုက်ထိုက်

Leave a Reply