Advertisements

မော်လမြိုင် ဖေဖော်ဝါရီ ၁၅

မော်လမြိုင်မြို့ ကမ်းနားလမ်းတွင် အုပ်စုဖွဲ့ရိုက်နှက်မှု ဖေဖော်ဝါရီ ၁၀ နှင့် ၁၁ ရက်များတွင် နှစ်ရက်ဆက်တိုက် တစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်းထံမှ သိရသည်။

ပထမဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီခန့်က ဒေါ်သဲဆုမွန် (၃၀ နှစ် ၊ မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်နေ)က ခင်ပွန်းဖြစ်သူ ပြည့်ဖြိုးဇော် အပါအဝင် တီးဝိုင်းအဖွဲ့သား ရှစ်ဦးတို့နှင့်အတူ ဖက်တန်းရပ် မိုးလုံလေလုံ အားကစားရုံတွင် တီးဝိုင်းတီးပြီး ဆိုင်ကယ်လေးစီးဖြင့် ကမ်းနားလမ်းအတိုင်း နေအိမ်သို့ ပြန်လာစဉ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မောင်ငံအလယ်တန်းလမ်းနှင့် နတ်မှော်လမ်းကြားအရောက်၌ အမည်မသိ လူငယ်ငါးဦးက အော်ဟစ်ဆဲဆိုသဖြင့် ဆိုင်ကယ်များရပ် အကြောင်းရင်း မေးမြန်းရာမှ ရိုက်နှက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။ အုပ်စုဖွဲ့ကာ သံတုတ်ဖြင့် ရိုက်နှက်ထိုးကြိတ်ခံရမှုကြောင့် ပြည့်ဖြိုးဇော်နှင့် တီးဝိုင်းအဖွဲ့သား ကျော်ဝင်းထွန်းတို့ နှစ်ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဒေါ်သဲဆုမွန်က ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သဖြင့် ဖိုးခွား (လိပ်စာစုံစမ်းဆဲ) ကောင်းထက်နိုင် (လိပ်စာစုံစမ်းဆဲ) ၊ ဝေယံလင်း (၂၈ နှစ် ၊ မောင်ငံရပ်နေ) ၊ မင်းရန်နိုင် (၃၃ နှစ် ၊ ညောင်ဝိုင်းရပ်နေ) နှင့် ချစ်မင်းကို (၂၂ နှစ် ၊ မောင်ငံရပ်နေ ) တို့ကို ရှာဖွေဖမ်းဆီးကာ မုပွန်နယ်မြေရဲစခန်းတွင် (ပ) ၅၇၂/ ၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါစခန်းမှ ဒုရဲအုပ် မင်းမင်းထွန်းက ပြောသည်။

နောက် ဖြစ်စဉ်တစ်ရပ်မှာ ဖေဖော်ဝါရီ ၁၁ ရက် ည ၁၁ နာရီခဲွဲကျော်တွင် ဆိုင်ကယ်နှစ်စီးဖြင့် မောင်းနှင်လာသည့် လူငယ် သုံးဦးကို မော်လမြိုင် ကမ်းနားလမ်း ဂျီဝါဝင်းလမ်းထိပ် ပလက်ဖောင်းပေါ် အရက်ဝိုင်းဖွဲ့သောက်စားနေကြသူလေးဦးက လေးဦးက အော်ဟစ်ဆဲဆိုခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ထိုသို့ ဆဲဆိုခဲ့သဖြင့် လူငယ် ၃ ဦးထဲမှ ထူးမြတ်လင်း (၁၈ နှစ် ၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နေ) နှင့် မင်းသွေးခိုင် (၁၇ နှစ် ၊ မုဒုံမြို့နေ) တို့က ဆိုင်ကယ် ရပ်တန့်ကာ မေးမြန်းစဉ် ဝိုင်းဖွဲ့သောက်စားနေသူ ၄ ဦးက ဝိုင်းဝန်ထိုးကြိတ်ကြောင်း၊ ဆိုင်ကယ်ကိုလည်း သံလွင်မြစ်ထဲ ပစ်ချခဲ့ကြသည်ကို စစ်ဆေးတွေ့ရှိခဲ့ရကြောင်း မုပွန်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ်ခဲ့မှုကြောင့် မင်းသွေးခိုင်မှာ ဒဏ်ရာများရရှိ (စိုးရိမ်ရ)သဖြင့် မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရကြောင်း၊ ဆိုင်ကယ်မှာ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး (ခန့်မှန်း) ငွေ ကျပ် နှစ်သိန်း ခန့် ရှိကြောင်း သိရသည်။

“အုပ်စုဖွဲ့ ရိုက်နှက်ခဲ့တဲ့ နှစ်ဖဲွဲ့စလုံးကို ဖမ်းဆီးရမိထားပြီးပါပြီ။ အမှုလည်းဖွင့်ထားတယ်။ တရားစွဲတင်ဖို့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်နေပါတယ်” ဟု ဒုရဲအုပ် မင်းမင်းထွန်းက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထိန်လင်းထူး (ခ) ကရင် (၂၀ နှစ် ၊ မောင်ငံရပ်နေ)၊ မင်းထက်ခန့် (ခ) ငပိ (၂၀ နှစ်)၊ ကိုကိုဦး (၂၆ နှစ်) နှင့် မျိုးမင်းသူ (ခ) အောင်ညွှန့် (၂၄ နှစ် ၊ ကွင်းရပ်နေ) တို့ ၄ ဦးကို မုပွန်နယ်မြေရဲစခန်း၌ (ပ) ၅၇၃/ ၂၀၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၉၄၊ ၃၂၆၊ ၄၂၇၊ ၁၁၄ အရ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခေတ်မင်း

Advertisements
<

Leave a Reply