မော်လမြိုင်-ကလွီ (ဘီးလူးကျွန်း) ရေကြောင်းခရီးစဉ်ကို ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲနှင့် အောင်ကျော်ကမ္ဘာ ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းကာ ဒီဇင်ဘာ ၂၁ ရက်နေ့က စတင်ပြေးဆွဲနေပြီးဖြစ်ကြောင်း အောင်ကျော်ကမ္ဘာ ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်အောင်က ပြောသည်။
ယင်းရေကြောင်းခရီးစဉ်ကို ရန်ကုန်မြို့တွင် ပြေးဆွဲခဲ့သည့် ပန်းဆိုးတန်း-ဒလ ထီးလှိုင်ရှင်ရေယာဉ်ဖြင့် ပြေးဆွဲပေးနေခြင်းဖြစ်ကြောင်းနှင့် ခရီးသည်တစ်ဦးလျှင် ၅၀ဝ ကျပ်နှုန်းဖြင့် တစ်ရက်နှစ်ကြိမ် ပြေးဆွဲမည်ဖြစ်ပြီး ရုံးပိတ်ရက်နှင့် ဝါတွင်း ဥပုသ်နေ့များတွင် ခရီးစဉ်တစ်ကြိမ်သာ ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲမှ လက်ထောက်မန်နေဂျာ ဦးလှဝင်းနိုင်က ဆိုသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးရုံးချုပ်၏ အစီစဉ်အရ ထီးလှိုင်ရှင်ရေယာဉ်ကို ပြုပြင်မွမ်းမံကာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ကြောင်းနှင့် မော်လမြိုင်တွင် ယခင်ပြေးဆွဲနေသော ရေဘဝဲ (၁) ရေယာဉ်အစား ထီးလှိုင်ရှင် ရေယာဉ်ကို ပြောင်းလဲပြေးဆွဲခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“ရေကြောင်းဝန်ထမ်းတွေ၊ သင်္ဘောသားတွေလည်း သင်္ဘောသားနေရာ သူ့နေရာသူ ပြန်ခန့်ထားပေးတယ်။ အပြင်ကလူတွေလည်း တစ်ယောက်မှ မသုံးထားဘူး၊ ဌာနကလူတွေပဲ ပြန်သုံးထားပြီး ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးက လစာအပြင် ကုမ္ပဏီအနေနဲ့ ထောက်ပံ့ကြေးသဘောမျိုး ဝန်ထမ်းတွေကို ပေးထားပါတယ်။ ဝန်ထမ်းတွေကလဲ တတ်နိုင်သလောက် ရှယ်ယာသဘောမျိုးထည့်ဝင်ပြီး အချိုးကျ ပြန်လည်ခွဲဝေပေးမှာ ဖြစ်ပါတယ်”ဟု ဦးအောင်အောင်က ပြောသည်။
ထီးလှိုင်ရှင်ရေယာဉ်သည် ကုန်ပစ္စည်းအပါဝင် ခရီးသည်ပေါင်း ၅၈၉ ဦးတင်ဆောင်နိုင်ပြီး အလျှား ၁၃၀ ပေ၊ အနံ ၃၀ ဒသမ ၆ ပေ ကျယ်ဝန်းကာ ရေယာဉ်၏ စုစုပေါင်းတန်ချိန်မှာ ၂၇ ဒသမ ၆ တန်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး သံလွင်ဌာနခွဲ မှတ်တမ်းအရ သိရသည်။