မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၂ ။ ။ မော်လမြိုင်-ချောင်းဆုံ သံလွင်တံတားကို မွန်ပြည်သူများ၏ သဘောဆန္ဒနှင့် ကိုက်ညီသည့် နာမည်တစ်ခု သတ်မှတ်ပေးရန် မွန်အမျိုးသားပါတီမှ နိုင်ငံတော်သမ္မတထံ ဖေဖော်ဝါရီ ၂၂ ရက်တွင် စာပေးပို့ တောင်းဆိုထားကြောင်း ယင်းပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောကြားသည်။

“အရင်က ကျွန်တော်တို့ ပါတီအပါအဝင် သံဃာတော်တွေ အရပ်ဖက်အဖွဲ့အစည်းတွေ ကန့်ကွက်ခဲ့တယ်။ ကန့်ကွက်တဲ့အခါမှာ မွန်တိုင်းရင်းသားတွေ လက်ခံနိုင်မယ့် နာမည်တစ်ခု ပြောင်းပေးမယ်လို့ ဝန်ကြီးချုပ်က ကတိပေးထားခဲ့ပါတယ်၊ ကျွန်တော်တို့က လက်ရှိတံတားအမည်ကို ဘယ်လို နာမည်တပ်ပေးဖို့က မပြောလို ပါဘူး။ မွန်တိုင်းရင်းသားတွေ လက်ခံနိုင်မယ့် နာမည်တစ်ခုတော့ လိုအပ်တယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ တံတားနာမည်နှင့် ပတ်သက်၍ ဒေသခံတိုင်းရင်းသားများမှ ကျေနပ်မှုမရှိ၍ အရပ်အဖက်အဖွဲ့အစည်း များနှင့် ဒေသခံများမှ ကန့်ကွက်သဖြင့် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ မူလလျာထားသော “ဗိုလ်ချုပ် အောင်ဆန်း တံတား” အမည်ဆိုင်းဘုတ်တင် အခမ်းအနားကို ရပ်ဆိုင်းပေးခဲ့ပြီး ဒေသခံမွန်လူမျိုးများ လက်ခံနိုင်မည့် တံတား အမည်ကို ပြောင်းလဲပေးပါမည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်နယ်ဝန်ကြီးချုပ်ပေးထားတဲ့ ကတိကို ပြည်ထောင်စုအဆင့်က နေပြီးတော့ ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချမယ့် အချက်တွေ တွေ့လာတဲ့အခါကျတော့ ကျွန်တော်တို့လည်း ပြည်ထောင်စု အဆင့်ကို ကန့်ကွက်စာတွေ ပို့ရတယ်”ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ပြောဆိုသည်။

ထို့ပြင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်းချမ်းမှ ယင်းတံတားနာမည်ကို အမျိုးသား ခေါင်ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်ကြောင်း သိရှိရသဖြင့် ဒေသခံတိုင်းရင်းသားများမှ ၎င်းအဆိုအား လက်မခံနိုင်သည့်အတွက် ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ထပ်မံပေါ်ပေါက်လာပါကြောင်း ယင်းတောင်းဆိုစာတွင် ဖော်ပြထားသည်။

“NLD အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တစ်ချိန်လုံး ဆွဲကိုင်နေတဲ့ အစိုးရတစ်ရပ်အနေနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ရှေးရှုးပြီးတော့ တိုင်းရင်းသားတွေရဲ့သဘောဆန္ဒကို အလေအနက်ထား စဉ်းစားပေးမယ်လို့ မျှော်လင့်တယ်”ဟု နိုင်လယီတမက ဆိုသည်။

Written by – ရွှေရိုး

Leave a Reply