ချောင်းဆုံ၊ မတ် ။ ။ မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတား ဖွင့်လှစ်ပြီးပါက မြို့အဝင်ဘီးခွန် ကောက်ခံရာ၌ ဆိုင်ကယ်များကိုပါ တံတားဖြတ်ကူးခ ကောက်ခံခြင်းကို ပြန်လည်သုံးသပ်သင့်ကြောင်း ချောင်းဆုံမြို့နယ် ဒေသခံများက ပြောဆိုနေကြသည်။

“မွန်ပြည်နယ်အတွင်းက တံတားတွေဖြစ်တဲ့ အတ္ထရံတံတား၊ ဇာသပြင်တံတား၊ မုတ္တမတံတားတွေမှာ ဆိုင်ကယ်ကို တံတားဖြတ်ကူးခတို့ ဘီးခွန်ကောက်ခံတာတို့လည်း မရှိတော့ပါဘူး တခြားမှာ မကောက်ခံဘူးဆိုရင် မော်လမြိုင်-ချောင်းဆုံ သံလွင်မြစ်ကူးတံတားမှာလည်း မကောက်ခံသင့်ဘူးလို့ မြင်တယ်”ဟု သက္ကောကျေးရွာမှ ရပ်မိရပ်ဖ ဦးဝင်းတင်က ပြောဆိုသည်။

မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ အသစ်ဖွင့်လှစ်ခဲ့သော ကြားအင်းတံတား၊ ဟောင်တယောတံတားတို့တွင် ဆိုင်ကယ်များကို ငွေကြေးကောက်ခံနေခြင်းမရှိကြောင်း ၎င်းက ပြောသည်။

ချောင်းဆုံမြို့နယ်တွင် ဆိုင်ကယ်ကို အိမ်သုံးအဖြစ် အသုံးပြုနေကြပြီး ဆိုင်ကယ်ဖြင့် နေ့စဉ် ရုံတက်ကြမည့် ရုံးဝန်ထမ်းများနှင့် မော်လမြိုင်မြို့တွင် ကျောင်းတက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအတွက် ထည့်သွင်း စဉ်းစားသင့်ပြီး ဆိုင်ကယ်ဘီးခွန်ကောက်ခံခြင်းအတွက် မလိုလားအပ်သော ပြသနာများ ဖြစ်လာနိုင်ကြောင်း ချောင်းဆုံမြို့မှရပ်မိရပ်ဖ ဦးသိန်းဟန်က ဆိုသည်။

၂၀၁ရ-၂၀၁၈ ဘဏ္ဍာရေးနှစ် မြို့ဝင်ဘီးခွန်ကောက်ခံရာတွင် ချောင်းဆုံဘက်ခြမ်းတံတားအဆင်းရှိ ကညှော်ကျေးရွာအနီးတွင် ကောက်ခံသွားရန်ရှိကြောင်း လုံခြုံရေးဂိတ်နှင့် ဘီးခွန်ကောက်ခံရေးဂိတ်များ ဆောက်လုပ်နိုင်ရန် မြေနေရာရွေးချယ်ထားပြီးဖြစ်ကြောင်း ချောင်းဆုံမြို့နယ် ပြည်သူ့ဆောက်လုပ်ရေးဌာနမှ မြို့နယ်အင်ဂျင်နီယာမှူး ဦးအောင်စိုးကြိုင်က ပြောသည်။

“တံတားမှာ ဆိုင်ကယ်ဘီးခွန်ကောက်ခံတာထက် ဆိုင်ကယ်ဘီးခွန်ကိုတစ်နှစ်စာအတွက် နှစ်ချုပ် ကောက်ခံတာက ပိုပြီးသဘာဝကျပါတယ် တာမှလည်း ဆိုင်ကယ်ဘီးခွန်အတွက်လည်း ရသင့်ရထိုက်တဲ့ အခွန်ငွေတွေနစ်နာမှုမရှိဘူး သုံးစွဲတဲ့လူတွေအတွက်လည်းအဆင်ပြေမယ်”ဟု ကညှော်ကျေးရွာမှ ရပ်မိရပ်ဖ ဦးတင်လှက ပြောသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် မြို့အဝင်ဘီးခွန်လုပ်ငန်းလိုင်စင်ကို ငွေကျပ်သိန်း ၁၇၀ ဖြင့် ရောင်းချထားပြီး ဖြစ်ကြောင်း၊ အထက်မှ ညွှန်ကြားချက်များ ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ထားခြင်းသာဖြစ်ကြောင်း ချောင်းဆုံမြို့နယ်စည်ပင်သာယာရေးဌာနမှ သိရသည်။

Written by – လွတ်လပ်မောင်(ယက္ခမြေ)

Leave a Reply