မော်လမြိုင်၊ ဧပြီ ၂၁

မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဌာန ညွှန်မှူးနေအိမ်အား ဖောက်ထွင်းခိုးယူသည့် တရားခံပြေး ရဲမင်းပိုင် ( ၂၄ နှစ်) ဆိုသူကို ယနေ့ ညနေ ၃ နာရီခွဲခန့်က သံဖြူဇရပ်မြို့ သေမင်းတမန်အရှေ့ လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ သိရသည်။

“တရားခံနဲ့ အတူ ငွေ ၈ သိန်း၊ ဖုန်းတစ်လုံးနဲ့ အားသွင်းပါဝါဘဏ်တစ်ခုကိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့တာ” ဟု ဖမ်းဆီးရေးအဖွဲ့မှ တာဝန်ရှိရဲတပ်ဖွဲ့ဝင်တစ်ဦးက ဟင်္သာမီဒီယာသို့ ပြောသည်။

ယခုဖမ်းဆီးရမိခဲ့သည့် တရားခံပြေး ရဲမင်းပိုင်သည် ဧပြီ ၁၅ ရက် ညနေပိုင်းက မော်လမြိုင်မြို့ တောင်ရိုးတန်းလမ်းရှိ အထူးစုံစမ်းစစ်ဆေးရေးဌာန ပြည်နယ်ညွှန်မှူးနေအိမ်အတွင်းမှ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများကို ဝင်ရောက်ဖောက်ထွင်း ခိုးယူခဲ့သူ ဖြစ်သည်။

ထိုသို့ နေအိမ်အတွင်း ဝင်ရောက်ဖောက်ထွင်းကာ ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ခိုးယူထွက်ပြေးခဲ့သူကို မွန်ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက လိုက်လံစုံစမ်းဖော်ထုတ်ရှာဖွေခဲ့ရာ မော်လမြိုင်မြို့၊ မုပွန်ရပ်ကွက် ၊ ကျောက်တန်းလမ်းမ (မုပွန်သချုႋင်းအနီး) နေ ရဲမင်းပိုင်၏ နေအိမ်ကို ဧပြီ ၁၈ ရက် ည၈နာရီခွဲခန့်ကမသကာၤ၍ဝင်ရောက်ရှာဖွေစဉ် ၎င်းင်းက ထွက်ပြေးလွတ်မြောက်သွားပြီး ယင်းနေအိမ်အတွင်းမှ ခိုးယူထားသောရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

ယင်းနောက် ဖောက်ထွင်းခိုးယူထားသည့် ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများအပြင် ထွက်ပြေးတိမ်းရှောင်သွားသည့် ရဲမင်းပိုင်၏ ဇနီးဖြစ်သူ မလိမ္မာ၊ အိမ်နီးချင်းနေသူ လှနိုင်နှင့် ၎င်းင်း၏ ဇနီး အိအိစံတို့ ၃ ဦးကို ရဲစခန်း၌ ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရသည်။

ယင်းဖြစ်စဉ်နင့်ပတ်သက်ပြီး နေအိမ်အတွင်း ဝင်ရောက်ဖောက်ထွင်းပြီး ရွှေထည်ပစ္စည်းများနှင့် ငွေစက္ကူများ ခိုးယူခဲ့သူကို အမှုဖွင့်အရေးယူပေးရန် ဦးသက်ခိုင်ဦးက တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် မုပွန်နယ်မြေရဲစခန်း မှ(ပ)၁၅၈၆/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၄၅၄ အရ အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားခြင်း ဖြစ်သည်။

Leave a Reply