Advertisements

မော်လမြိုင်၊ ဇွန်

မွန်ပြည်နယ်တွင် မိုးတွင်းကာလ၌ ဟင်းသီးဟင်းရွက် စိုက်ပျိုးရန် အခက်အခဲ ရှိသောကြောင့် ထက်အညာ ဒေသထွက် ဟင်းသီးဟင်းရွက်များကိုသာ အဓိကထား ရောင်းချနေကြောင်း ဟင်းသီးဟင်းရွက် ရောင်းဝယ်ရေး လုပ်ငန်းရှင်းများက ပြောဆိုသည်။

မိုးဒဏ်လေဒဏ်ကြောင့် ဈေးကွက်အတွင်း ရောင်းချနေသည့် ဟင်းသီးဟင်းရွက်များလည်း ပျက်စီး ဆုံးရှုံးမှု များပြားလျက်ရှိကြောင်း မော်လမြိုင် ဒေါ်လမ်းဈေးရှိ ဟင်းသီးဟင်းရွက်ရောင်းဝယ်သူ ဒေါ်တင်ဝင်းက ဟင်္သာမီဒီယာသို့ပြောသည်။

“အခုမွန်မှာက မိုးတွင်းဆိုတော့ မိုးကြီးတဲ့အတွက် အသီးအရွက်တွေဟာ အမှိုက်ကားတောင်မဆန့်ဘူး၊ ပျက်ဆီးတာ တော်တော်များတယ်”ဟု ၎င်းက ပြောသည်။
ပျက်စီး ဆုံးရှုံးမှု များသောကြောင့် ဟင်းသီးဟင်းရွက်များကိုလည်း ယခင်ထက် ဈေးတင်၍ ရောင်းချနေရကြောင်း ၎င်းက ပြောဆိုသည်။

“ဟင်းသီးဟင်းရွက်က ဈေးသွားရင် ဈေး မမေးရဲဘူး၊ အမြဲတက်နေတာ”ဟု မော်လမြိုင်မှ အိမ်ရှင်မ ဒေါ်အေးမြင့်က ဆိုသည်။
မွန်ပြည်နယ်သည် မိုးရွာသွန်းမှုများသည့် ဒေသတစ်ခုဖြစ်သည့်အလျောက် ဟင်းသီးဟင်းရွက်များကို ပွင့်လင်းရာသီတွင်သာ အများဆုံးစိုက်ပျိုးကြပြီး မိုးရာသီတွင် ဟင်းနုနွယ်၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဗူးသီး စသည့် သီးနှံ အနည်းစုကိုသာ စိုက်ပျိုးရသည်။

ထို့ကြောင့် ကျန်အသီးရွက်များဖြစ်သည့် ခရမ်းသီး၊ ကော်ပီထုပ်၊ မုန်လာဥနီ၊မုန်ညင်း အစရှိသည်များကို အထက်အညာဒေသဖြစ်သော မြင်းခြံ၊အောင်ပန်းများမှ ဟင်းသီးဟင်းရွက်များကိုသာ အများဆုံးတင်သွင်း ရောင်းချနေသည်။

“အရောင်းဝယ်က သိပ်မကောင်းဘူးပေါ့ မိုးတွင်းဆိုတော့ ဈေးနှုန်းကအတက်ကျရှိတယ် ပစ္စည်းမလာလို့ဈေးတက်တယ်”ဟု မော်လမြိုင် ဒေါ်လမ်းဈေးမှ ဒေါ်တင်မိုးသူက ပြောသည်။
Written by ဂေထော

Advertisements
<

Leave a Reply