မော်လမြိုင် တက္ကသိုလ်၌ ဆန္ဒပြရန် စီစဉ်ထားမှု ပြေလည်မှုရ

မော်လမြိုင်၊ ဇွန် ၃၀

မော်လမြိုင်တက္ကသိုလ်တွင် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုနှင့် မွန်ပြည်နယ်အတွင်း ရင်ဆိုင်နေရသော သဘာဝပတ်ဝန်ကျင်ဆိုင်ရာအခက်အခဲများ ဟောပြောပွဲကျင်းပခွင့် ပိတ်ပင်ခံရမှုအပေါ် ဆန္ဒပြရန် စီစဉ်ထားသော ကျောင်းသားများနှင့် တာဝန်ရှိသူများအကြား ပြေလည်မှု ရရှိခဲ့သွားဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေးအတွက် ဦးဆောင်သူ ကိုအောင်မြင့်ဦးက ဇွန် ၂၉ ရက်တွင် သတင်းမီဒီယာများကို ပြောဆိုသည်။

ပြေလည်မှု ရရှိခဲ့ခြင်းကြောင့် ကျင်းပရန် စီစဉ်ထားသော ဟောပြောပွဲကို ရွှေ့ဆိုင်းထားကြောင်း ၎င်းက ပြောသည်။
“လက်ရှိကျွန်တော်တို့ ညှိုနှိုင်းမှုကတော့ အဆင်ပြေတယ်ပေါ့နော် ကျွန်တော်တို့ကို ဆရာမကြီးကိုယ်တိုင်က သူ့အနေနဲ့ မလုပ်ပေးနိုင်ခဲ့တဲ့အပေါ်လည်း တောင်းပန်တာတွေရှိလာခဲ့တယ်” ကိုအောင်မြင့်ဦးက ဆိုသည်။

အဆိုပါ ဟောပြောပွဲကို ဇူလိုင်လ ၆ ရက်တွင် ကျင်းပရန် Mawlamyine University Environment Club ကစီစဉ်ခဲ့ပြီး ဇွန်လ ၂၆ ရက်နေ့က ခွင့်ပြုချက်ရရှိထားသော်လည်း ပြန်လည်စီစစ်မည်ဟုဆိုကာ ခွင့်ပြုချက်ပြန်လည်ရုတ်သိမ်းခဲ့ခြင်းကြောင့် ဆန္ဒပြရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

“ဒီကိစ္စမှာ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ အပိုင်းမှာက ဘယ်သူမှ လုပ်ပိုင်ခွင့် အတိအကျ ရှိတယ်ဆိုတာ သူတို့ မသဲကွဲတာလို့ ထင်တယ်၊ လက်ရှိ အစိုးရဲ့ တာဝန်ယူမှု တာဝန်ခံမှုဟာ ပြတ်ပြတ်သာသား ရှင်းလင်းမှု မရှိတာလို့ မြင်တယ်”ဟု မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင် ကိုပြည့်ဖြိုးလွင်က ဆိုသည်။

ယခုလို ဟောပြောပွဲသည် မော်လမြိုင် တက္ကသိုလ်မှာ လုပ်ဆောင်သင့်သော ပွဲ တစ်ခုဖြစ်ကြောင်းနှင့် ပတ်ဝန်းကျင် ပြောင်းလဲမှု အခြေအနေအတွက် လုပ်သင့်သည့် ပွဲဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။

ခွင့်ပြုချက် ပြန်လည် ရုတ်သိမ်းခြင်းနှင့် ပတ်သက်ပြီး မော်လမြိုင် တက္ကသိုလ် ဒုပါမောက္ခချုပ် ဒေါက်တာ မီမီစိန်ကို သတင်းမီဒီယာက တွေ့ဆုံမေးမြန်းဖို့ ကြိုးခဲ့သော်လည်း မအားလပ်၍ ဖြေဆိုရန် ငြင်းဆိုခဲ့သည်။

ညှိုနှိုင်းပြေလည်မှုများ ရရှိခဲ့သောကြောင့် ယခုဟောပွဲကို ဇူလိုင် တတိယအပတ် သို့မဟုတ် စတုတ္ထအပတ်တွင် ပြုလုပ်သွားရန် စီစဉ်ထားသည်။

Written by သက်ပိုင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.