မော်လမြိုင်၊ နိုဝင်ဘာ

မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာတွင် တည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို လာမည့် ဒီဇင်ဘာ ဒုတိယအပတ်အတွင်း စတင် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးမင်းကျော်လွင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“စီမံကိန်းအတွက် တင်ဒါခေါ်ထားပြီးပြီ။ တင်ဒါဖွင့်ပြီး ရွေးဖို့ပဲ ကျန်တော့တယ်။ ဒီအတွက် အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချပြီးတာနဲ့ လုပ်ငန်းစသွားမယ်။ ဒီဇင်ဘာ ဒုတိယအပတ်မှာ စနိုင်မယ် ”ဟု ၎င်းက ဆိုသည်။

စီမံကိန်းအတွက် ပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက်မှ ကျပ် ငါး ဘီလီယံ သုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ကျပ် တစ် ဘီလီယံကို အဆောက်အဦအခြေခံ လိုအပ်ချက်များဖြစ်သည့် လမ်း၊ ရေမြောင်း၊ ဆေးပေးခန်းများတွင် အသုံးပြုသွားမည်ဖြစ်ရာ ကျပ် လေး ဘီလီယံကို အဆောက်အဦအတွက် သုံးစွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးမင်းကျော်လွင်က ပြောသည်။

ယင်းစီမံကိန်းတွင် လေး ထပ် တိုက် ၁၆ လုံး အခန်းပေါင်း ၂၅၆ ခန်း ပါဝင်မည်ဖြစ်ပြီး၊ လာမည့်နှစ် မတ်လမတိုင်ခင် အပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ အခြေခံ လူတန်းစားနှင့် ဝန်ထမ်းများအတွက် ရည်ရွယ် တည်ဆောက်ခြင်းဖြစ်ပြီး၊ တိုက်ခန်း တစ် ခန်းလျှင် ကျပ် သိန်း ၂၀၀ ခန့်ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယင်းကို ယခင်ကမင်းရွာကျေးရွာတွင် တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း လမ်းမနှင့် ဝေးကွာခြင်း၊ မြေနေရာအခက်အခဲကြောင့် ယခုကဲ့သို့ ကြာအင်းကျေးရွာတွင် တည်ဆောက်ရန် ပြည်နယ်အစိုးရက လွှတ်တော်သို့ တင်ပြခဲ့ရာ ဇွန် ၂၁ ရက်က ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် ပြောင်းလဲ တည်ဆောက်မည့် ကိစ္စကို အတည်ပြုခဲ့သည်။

မော်လမြိုင်မြို့တွင် ပြီးခဲ့သည့် အစိုးရလက်ထက်က သီရိမင်္ဂလာတန်ဖိုးနည်း အိမ်ရာစီမံကိန်းကို အကောင်အထည် ဖော်တည်ဆောက်ခဲ့ပြီး တိုက်ခန်းတစ်ခန်းလျှင် ကျပ်ငွေ သိန်း ၁၂၀ မှ သိန်း ၁၃၅ အထိ ငါးနှစ်အတွင်း အရစ်ကျပေးသွင်းသည့် စနစ်ဖြင့် ရောင်းချခဲ့သည်။

ယခုအခါ အဆိုပါ တိုက်ခန်းများသည် အခြေခံလူတန်းစားများ ပိုင်ဆိုင်ခြင်း မရှိဘဲ သူေဋ္ဌးများနှင့် လုပ်ငန်းရှင်များကသာ ပိုင်ဆိုင်ထားကြပြီး တိုက်ခန်း တစ်ခန်းလျှင် ကျပ် သိန်း ၂၅၀ မှ ၄၀၀ အထိ ပေါက်ဈေးရှိနေကြောင်း ယင်းအိမ်ရာနေသူများက ပြောဆိုသည်။

Written by – ဇော်ထိုက်

Leave a Reply