မော်လမြိုင် အောက်တိုဘာ

မူလတန်းပညာရေး အခြေခံကောင်းမွန်စေရန် ရည်ရွယ်၍ မော်လမြိုင် ပညာရေး ကောလိပ်ကို ဒီဂရီ ကောလိပ်အဖြစ် ပြောင်းလဲ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း ယင်း ကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ချိုချိုစန်းက ဟင်္သာမီဒီယာသို့ ပြောဆိုသည်။

ယခင်က ပညာရေးကောလိပ်တွင် ၂ နှစ် သင်တန်းသာ ဖွင့်လှစ်ခဲ့ကာ ယခု ဒီဂရီ ကောလိပ်မှာမူ ၄ နှစ် သင်တန်း ဖြစ်ပြီး၊ ယင်းစနစ်ကို ၂၀၁၉ ဒီဇင်ဘာလတွင် စတင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဓိကကတော့ မူလတန်းက အခြေခံပညာရေးရဲ့ အခြေခံအကျဆုံး အတန်းတွေလေ။ အတွေ့အကြုံများတဲ့လူတွေလိုတယ်၊ဒါကြောင့် ပြောင်းလဲ ဖွင့်လှစ်တာ ဖြစ်တယ်” ဟု ၎င်းကပြောသည်။

ပညာရေးကောလိပ်ဆင်း ဆရာ၊ ဆရာမများသည် ၂ နှစ်သင်တန်းပြီးဆုံးသောအခါ အသက် ၁၈ နှစ်သာရှိပြီး အလွန်ငယ်ရွယ်ကာ အတွေ့အကြုံမရှိသေးဘဲ မူလတန်းကလေးများကို သင်ကြားရကြောင်း၊ တစ်ဖန် လုပ်သက်ရလျှင် အလယ်တန်းသို့ ရာထူးတိုးသွားသဖြင့် မူလတန်းကလေးများမှာ အတွေ့အကြုံနုနယ်သည့် ဆရာများနှင့်သာ ထိတွေ့နေရကြောင်း ၎င်းကပြောသည်။

အဆင့်မြှင့်တင်မည့် ဒီဂရီကောလိပ် ပထမနှစ်တွင် မူလတန်းအတွက် အခြေခံ၊ ဒုတိယနှစ်တွင် အလယ်တန်းအတွက် အခြေခံကို သင်ကြားရမည်ဖြစ်ပြီး တတိယနှစ်နှင့် စတုတ္ထနှစ်ကို မူလတန်းအထူးပြုနှင့် အလယ်တန်းအထူးပြုဟူ၍ ဘာသာရပ်ခွဲခြား သင်ကြားရမည်ဟု ဒေါ်ချိုချိုစန်းကပြောသည်။

ပညာရေးဒီဂရီကောလိပ်အတွက် ပထမနှစ်သင်ရိုးကို ရေးဆွဲထားပြီးဖြစ်ကြောင်းနှင့် အမျိုးသားပညာရေးမူဝါဒကော်မတီ၏ ခွင့်ပြုချက်ရလျှင် ဘွဲ့အမည်သတ်မှတ်မည်ဟု ၎င်းကဆိုသည်။

ဝင်ခွင့်အနေဖြင့် တက္ကသိုလ်ဝင်ခွင့်အတိုင်း ဆယ်တန်းအောင်မှတ်ဖြင့် ရွေးချယ်မည်ဟု ဒေါ်ချိုချိုစန်းကပြောသည်။

လက်ရှိ မော်လမြိုင်ပညာရေးကောလိပ်တွင် ပထမနှစ်ကျောင်းသား ၄၂၈ ဦးနှင့် ဒုတိယနှစ်ကျောင်းသား ၂၁၂ ဦးပညာသင်ကြားလျက်ရှိသည်။

စန္ဒာဉာဏ်

Leave a Reply