မော်လမြိုင် မတ် ၆

မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာရှိ အိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါးများကို ရဲတပ်ဖွဲ့က မတ်လ ၂ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲ မှုခင်းအကူဌာနစုမှ ရဲတပ်ဖွဲ့ဝင်များက ယင်းကျေးရွာ အနောက်ပိုင်းရှိ အိမ်တစ်အိမ်ကို သတင်းအရ ဝင်ရောက်ရှာဖွေရာ အိမ်ရှေ့ခန်းတွင် အိမ်ရှင် ညီညီဇော် (ခ) ဝမ်းနှင့် အောင်စိုးမိုး ဆိုသူတို့ နှစ်ဦးကို တွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

“စစ်ဆေးတဲ့အချိန်မှာ ညီညီဇော် ဝတ်ဆင်ထားတဲ့ ဘောင်းဘီအိတ်ကပ်အတွင်းကနေ အအေးစုပ်ပိုက်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅ ပြားနဲ့ ငွေစက္ကူ ၁၉,၀၀၀ ကျပ်အပြင် သူ့ရဲ့ နေအိမ်အိပ်ခန်း ကုတင်ပေါ်ကနေလည်း အအေးစုပ်ပိုက်နဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ပြားနဲ့ ကုတင်ဘေးနား သံစင်အပေါ်ကနေ ဘိန်းစာရွက်အရည်ထည့်ထားတဲ့ ပုလင်းနဲ့ ဘိန်းစာရွက်တွေကိုပါ ထပ်မံသိမ်းဆည်းရမိခဲ့တယ်”ဟု ရဲအရာရှိတစ်ဦးက ပြောသည်။

ယင်းနောက် မူးယစ်ဆေးဝါး ဆက်စပ် သက်သေခံပစ္စည်းများအဖြစ် ထည့်သိုရောင်းချရန် အအေးစုပ်ပိုက်များ၊ ဘိန်းစာရွက်ပြုတ်ရည်၊ ရောစပ်သောက်သုံးရသော ချောင်းဆိုးပျောက်ဆေးရည် ပုလင်းနှစ်လုံးကို အိမ်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ရကြောင်း၊ သို့ဖြစ်၍ ညီညီဇော် (၂၅ နှစ်) နှင့် အောင်စိုးမိုး(ရိုးဂိုးရွာသစ်နေ)တို့နှစ်ဦးကို မုပွန်နယ်မြေရဲစခန်းတွင် မယ (ပ) ၁၀/ ၂၀၁၉၊ မူးယစ်ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆ (ဂ)/ ၂၀ (က)/ ၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကေအမ်

Leave a Reply