မော်လမြိုင်၊ ဇူလိုင်၂၄

မော်လမြိုင် – မြဝတီ လမ်းပိုင်းရှိ ကြိုးတံတား သုံးစင်းကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA ၏ ချေးငွေဖြင့် ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားအထူးအဖွဲ့ ၁၄ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်မိုးလွင်က ပြောကြားသည်။

မွန်ပြည်နယ်အတွင်းရှိ ဂျိုင်း(ဇာသပြင်) တံတား ၊ အတ္တရံတံတား နှင့် ကရင်ပြည်နယ် ရှိ ဂျိုင်း (ကော့ကရိတ်)တံတား ကို ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း ၎င်း ကဆိုသည်။

အဆိုပါ ကြိုးတံတား သုံးစင်းကို ပြည်ထောင်စု ဆောက်လုပ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောက်လုပ် မည်ဖြစ်ပြီး တံတားဒီဇိုင်းကို ဂျပန်နိုင်ငံက ပညာရှင်များနှင့် ပူးပေါင်းလုပ်ဆောင်မှာဖြစ်သည်ဟု ဦးဇော်မိုးလွင်က ဆိုသည်။

“ နိုင်ငံတကာ အဆင့်မီ ကန်ထရိုက်တာ တွေကို ခေါ်ယူသွားမှာပါ။ လေးလမ်းသွားတွေ ကြိုးတံတား တွေတည်ဆောက်သွားပါမယ်” ဟု ၎င်း ကဆိုသည်။

တံတားတည်ဆောက်ခြင်း လုပ်ငန်းများ ကို ၂၀၁၉ နှစ်ကုန်ပိုင်း တွင် စတင်မည်ဖြစ်ပြီး တံတား သုံးအတွက် အမေရိကန် ဒေါ်လာ သန်း ၂၈၀ အကုန်အကျခံသွားမည် ဖြစ်ကြောင်း ဦးဇော်မိုးလွင် က ရှင်းပြသည်။

အဆိုပါ တံတား သုံးစင်း ကို ၂၀၂၃ ခုနှစ်တွငသ် အပြီးသတ်တည်ဆောက်နိုင်ရန် လျာထားကြောင်း ၎င်း က ထပ်လောင်း ပြောဆိုသည်။

“တစ်စင်းချင်းစီတော့ ဘယ်လောက် မသတ်မှတ်ရသေးဘူး ကန်ထရိုက် ခေါ်တဲ့ ကိစ္စတွေပြီးမှဘဲ တစ်စင်း ဘယ်လောက် သတ်မှတ်မှရမယ်” ဟု ၎င်း ကဆိုသည်။

ခုလက်ရှိတံတားများ ၏ ခံနိုင်ဝန် မှာ ၁၃တန် သာရှိပြီး အသစ်တည်ဆောက် မည့် တံတားများ မှာ ခံနိုင်ဝန် ၇၅ တန်ထိ ရှိ မည် ဖြစ်ကြောင်း စီမံကိန်းနယ်မြေတွင် အသုံးပြုမည့် မြေနေရာများကို မြေယာလုပ်ထုံးလုပ်နည်း အတိုင်း လုပ်ဆောင်သွားမှာဖြစ်သည်ဟု ဦးဇော်မိုးလွင်က ဆိုသည်။

အဆိုပါ တံတား သုံးစင်း သည် အာရှ လမ်းမ ၏ အရေး ပါ သော ကုန်သွယ် မှုလမ်းကြောင်း ဖြစ်သော မော်လမြိုင် နှင့် မြဝတီ မြို့ကို ချိတ်ဆက်ပေးထားသော မြစ်ကူးတံတား များဖြစ်သည်။

ရန်လင်းအောင်

Leave a Reply