မော်လမြိုင် မတ်

မော်လမြိုင်မြို့ရှိ မြိုင်ရတနာလေးထပ်ဈေးနှင့် နှစ်ထပ်ဈေး၊ ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းနှင့် ဝန်ထမ်းလုပ်အားခအတွက် တစ်နှစ်လျှင် ငွေကျပ် ၄၄၄ သိန်းခန့် ပုံမှန်သုံးစွဲနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်က ပြောကြားသည်။

မြိုင်ရတနာဈေး ဆိုင်ခန်းငှားရမ်းခနှင့် လုပ်ငန်လိုင်စင်များမှ တစ်နှစ်စာ ကောက်ခံရရှိငွေမှာ မြိုင်ရတနာနှစ်ထပ်ဈေးတွင် ငွေကျပ် ၃၇၃ ဒသမ ၆၉ သိန်းနှင့် လေးထပ်ဈေးတွင် ကျပ် ၂ဝ၉ ဒသမ ၆၆ သိန်း စုစုပေါင်း ၅၈၃ ဒသမ ၃၅ သိန်း ရရှိကြောင်း ဝန်ကြီးက ပြောသည်။

ဖေဖော်ဝါရီလ ၂၆ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး၏ မြိုင်ရတနာလေးထပ်ဈေးရှိ ဓာတ်လှေကား၊ စက်လှေကားနှင့် အခြားပြင်ဆင်မွမ်းမံသင့်သည်များကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းချက်ကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြိုင်ရတနာလေးထပ်ဈေး ဓာတ်လှေကား (LIFT) မှာ ကောင်းမွန်လျက်ရှိပြီး၊ အသုံးပြုလျက်ရှိသည့် (ESCALATOR) စက်လှေကားများ၏ မွမ်းမံပြင်ဆင်ထိန်းသိမ်းစရိတ်များကို ယခင် GAME CITY မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း ဦးမင်းကျော်လွင်က ပြောသည်။

၂၀၀၈-၂၀၀၉ ခုနှစ်တွင် စက်လှေကား FLOOR BELT ပျက်စီးသဖြင့် ပြုပြင်စရိတ် ငွေကျပ်သိန်း ၆၀ ကို GAME CITY မှ အကုန်ကျခံ ဆောင်ရွက်ခဲ့ပြီး HANDRAIL BELT ပြုပြင်ရန် ငွေကျပ်သိန်း ၁၂၀ ကုန်ကျမည်ဖြစ်၍ ယနေ့ထိ ရပ်နားခဲ့ရခြင်းဖြစ်ကြောင်း၊ မူလဝယ်ယူခဲ့သည့် LG ကုမ္ပဏီနှင့် ဆက်သွယ်ပြီး စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မြိုင်ရတနာဈေး၌ မီးလိုင်းများ၊ အမိုးများ၊ ရေဆင်းပိုက်များ၊ မီးစက်၊ မီးသတ်ပိုက်လိုင်းများနှင့် မီးသတ်ရေတိုင်ကီများ ပြန်လည်ပြုပြင်တပ်ဆင်ခြင်းလုပ်ငန်းများအတွက်မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ်သိန်း ၄၅၀ ၊ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ငွေကျပ် ၁၁၀၉ သိန်းနှင့် ၂၀၁၈ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ငွေကျပ်
၉၇၉ ဒသမ ၈ သိန်း ပြုပြင် ဆောင်ရွက်ခဲ့ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် နှစ်ထပ်ဈေး SUNSHADE များပြုပြင်ခြင်း၊ လေးထပ်ဈေး အမိုးပြုပြင်ခြင်း၊ ဈေးများဆေးသုတ်ခြင်း၊ ဈေးရှေ့ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပေါ်စေရေး ဈေးအပြင်တွင် CAR PARKING ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများထည့်သွင်းလျာထားတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းင်းကထပ်မံပြောသည်။

အစိုးရဌာန စည်ပင်သာယာရေးအဖွဲ့၏ တိုက်ရိုက်စီမံခန့်ခွဲမှုအောက်တွင်ရှိသော OCEAN SUPER CENTER မှာ တစ်နှစ်လျှင် ငွေကျပ်သိန်း ၃၆၀ သာ ဝင်ငွေရှိပြီး၊ မြိုင်ရတနာဈေးမှာ သိန်း ၅၀၀ အထက် ရှိနေသောကြောင့် ဈေးအဆောက်အဦသစ်များ တိုးချဲ့ဆောက်လုပ်နေသော်လည်း ယခင်တည်ဆောက်ခဲ့သည့် ဈေးအဆောက်အဦများကို လျစ်လျူမရှုဘဲ ထိုက်သင့်သော ပြုပြင်မွမ်းမံထိန်းသိမ်းမှုများ ဆောင်ရွက်ပေးသင့်ကြောင်း ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

“ဈေးကွက်စီးပွားရေးအရ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ကျင့်သုံးနေတယ်ဆိုတာ နားလည်ပေးနိုင်ပေမယ့် မြိုင်ရတနာလေးထပ်ဈေးရဲ့ ဈေးဆိုင်ခန်းခတွေက နှစ်စဉ်ဝင်ငွေ သိန်းငါးရာအထက်မှာ ရှိနေတယ်၊ ဝင်ငွေဝင်သလို ထိုက်သင့်တဲ့ ပြင်ဆင်မွမ်းမံမှုတွေ ဆောင်ရွက်သင့်တယ်”ဟု ၎င်းက ပြောသည်။

မြိုင်ရတနာလေးထပ်ဈေးသည် စည်ပင်သာယာရေးအဖွဲ့၏ တိုက်ရိုက်စီမံခန့်ခွဲမှု အောက်တွင်ရှိနေပြီး ဈေးသူ/ဈေးသားများ ရောင်းအားကောင်းမွန်စေရေးအတွက် အဆောက်အဦပိုင်းဆိုင်ရာ
လိုအပ်ချက်များ လျစ်လျူမရှုဘဲ ထိုက်သင့်သည့် ပြုပြင်မွမ်းမံမှု၊ ပြင်ဆင်ထိန်းသိမ်းမှုများကို ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းင်းကအကြံပြုသည်။

မြိုင်ရတနာလေးထပ်ဈေးကို ၁၉၉၃ ခုနှစ်က အသစ်ဆောက်လုပ်ခဲ့ပြီး ဓာတ်လှေကား နှစ်စင်းနှင့် စက်လှေကား ခြောက်စင်း တပ်ဆင် အသုံးပြုခဲ့ကြောင်း သိရသည်။

ထိုက်ထိုက်

Leave a Reply