မော်လမြိုင်မြို့တွင် ဖွင့်လှစ်ထားသော အမျိုးသားယဉ်ကျေးမှုပြတိုက်၏ ပြည်တွင်း ဝင်ကြေးကို တစ်ဦးလျှင် ၂၀၀ ကျပ်သာ ကောက်ခံတော့မည်ဖြစ်ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးအောင်နိုင်မိုးက ပြောသည်။

ပြတိုက်ဝင်ကြေးကို ယခင်နှစ်က တစ်ဦးလျှင် ၅၀၀ ကျပ်စီ ကောက်ခံခဲ့ရာမှ ယခုနှစ်မှ စတင်ပြီး ပြည်တွင်း ဝင်ကြေးကို ၂၀၀ ကျပ်သာ ကောက်ခံတော့မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ပြတိုက်ကို လူများများ ဝင်ကြည့်အောင် ဝင်ကြေးလျော့ပေးလိုက်တာ ဖြစ်တယ်၊ ကျောင်းသူ ကျောင်းသား တွေနဲ့ ရဟန်းသံဃာတွေတော့ ယခင်အတိုင်း အခမဲ့ပါပဲ”ဟု ၎င်းက ဆိုသည်။

ပြတိုက်သို့ လာရောက်ကြည့်ရှု့သည့် နိုင်ငံခြားသားကို တစ်ဦးလျှင် ၅၀၀၀ ကျပ်စီ ကောက်ခံလျက်ရှိပြီး၊ ဝင်ကြေး ပြောင်းလဲရန် အစီအစဉ် မရှိသေးကြောင်း ၎င်းက ပြောသည်။

အမျိုးသား ယဉ်ကျေးမှုပြတိုက်ကို ပြည်ပနိုင်ငံခြား ခရီးသွားများအနေဖြင့် ဥရောပတိုက်သားများ အများဆုံးလာရောက်ကြပြီး အာရှတိုက်သားများ လာရောက်လေ့လာမှု နည်းကြောင်း ၎င်းက ပြောဆိုသည်။

“ဒီပြတိုက်ကို လာဖြစ်တာက ဒီမှာ ပြထားတဲ့ ရှေးဟောင်း အမွေအနှစ် ပစ္စည်းတွေနဲ့ မွန်ရိုးရာ ပစ္စည်းတွေ အကြောင်း များကြီး လေ့လာလို့ရတယ်”ဟု မော်လမြိုင်မြို့မှ ကိုအောင်မြင့်က ဆိုသည်။

ယခင်နှစ်တွင် မွန်ပြည်နယ် အမျိုးသားယဉ်ကျေးမှုပြတိုက်သို့  ပြည်တွင်း ခရီးသွားဧည့်သည် ၁၀၁၅ ဦး ဝင်ရောက်ကြည့်ရှု့ရာမှ ဝင်ကြေး ၄၁၃၀၀၀ ကျပ် ရရှိခဲ့ပြီး၊  ပြည်ပခရီးသွား ဧည်သည် ၁၄၃၆ ဦး ဝင်ရောက်ကြည့်ရှု့ရာမှ ဝင်ကြေး  ၆၃၅၂၀၀၀ ကျပ် ရရှိခဲ့ကြောင်း မွန်ပြည်နယ် ရှေးဟောင်းသုသေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မှတ်တမ်းများအရ သိရသည်။

Written by – ဇော်ထိုက်

Leave a Reply