Advertisements

မွန်ပြည်နယ်၏ မော်လမြိုင် သင်္ကြန်မှာ လမ်းလျှောက် သင်္ကြန်ထည့်သွင်း ကျင်းပသွားမည်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့က သင်္ကြန်မတိုင်ခင် ရက်အနည်းငယ် အလိုတွင် အကြီးအကျယ် ကြုံးဝါး ပြောဆိုခဲ့၏။သို့သော် အမှန်တကယ်ကျင်းပနိုင်ခဲ့ခြင်းတော့ မရှိ။
လမ်းလျှောက် သင်္ကြန် ပျက်ရခြင်းသည် ပြည်သူများ ပူးပေါင်း ပါဝင်မှု အားနည်းခဲ့ခြင်းကြောင့်ဟု မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဗမာ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့်က သတင်းမီဒီယာများကို ထုတ်ဖော်ပြောဆိုခဲ့သည်။

ထိုသို့ ပြောဆိုမှုကြောင့်လည်း ပြည်သူများအကြား ဝေဖန်မှုများ တစ်ဆထက် တစ်ဆ မြင့်တက်လာခဲ့သည့်အပြင် မွန်ပြည်နယ် အစိုးရ၏ လမ်းလျှောက် သင်္ကြန် စီစဉ်မှုကို ကဲ့ရဲ့ ရှုတ်ချမှုများပင် ပေါ်လာသည်။

မော်လမြိုင် လမ်းလျှောက် သင်္ကြန် ပျက်ရသည့် အကြောင်းအရင်းများထဲမှ အဓိက ဝေဖန်ခံရသော အခြေခံအချက်အချို့မှာ

(၁) ကြိုတင် ပြင်ဆင်မှု မရှိခြင်း

လမ်းလျှောက် သင်္ကြန် စီစဉ်သည့် နေရာတွင် မွန်ပြည်နယ် အစိုးရအဖွဲ့က သင်္ကြန် မတိုင်ခင် ဧပြီ ၆ ရက်မှာ အစည်းအဝေး တစ်ကြိမ် ပြုလုပ်ခဲ့သော်လည်း လမ်းလျှောက် သင်္ကြန်ပြုလုပ်မည့် ကိစ္စကို ဆုံးဖြတ်ချက် ချနိုင်ခဲ့ခြင်း မရှိပေ။

ထို့နောက် ဧပြီ ၁၁ ရက်တွင် ထပ်မံပြုလုပ်သည့် အစည်းအဝေးတွင် မော်လမြိုင် ကမ်းနားလမ်းတွင် လမ်းလျှောက် သင်္ကြန်ပြုလုပ်မည့် အကြောင်း သင်္ကြန် မတိုင်ခင် နှစ် ရက်အလိုမှာ ထုတ်ပြန်ခဲ့ကာ လမ်းလျှောက်သင်္ကြန်ကို မော်လမြိုင် ကမ်းနားလမ်းရှိ ဘုရင်ရုံ ရုပ်ရှင်ရုံမှ ထားဝယ် တံတားအထိ လုပ်ဆောင်မည်ဟု ဆိုခဲ့သည်။

တဆက်တည်း လမ်းလျှောက် သင်္ကြန် ပြုလုပ်မည့် နေရာရှိ လမ်းများကိုလည်း လမ်းပိတ်ထားမည်ဟု ဆိုပြန်သည်။
ထို့ကြောင့် မွန်ပြည်နယ် အစိုးရမှ လမ်းပိတ်ပြီး လမ်းလျှောက် သင်္ကြန် ပြုလုပ်မည့် ကိစ္စကို ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ကြခြင်း ဖြစ်ပေသည်။

“အစိုးရက လမ်းလျှောက် သင်္ကြန် လုပ်မယ်သာ ပြောတာ ဘာမှ ကြိုတင် ပြင်ဆင်မှု မရှိဘူး၊ ပြောရရင် လမ်းပိတ်ပြီး လမ်းလျှောက် သင်္ကြန် လုပ်လို့ မရဘူး”ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုကျော်စံဝင်းက ဝေဖန်ပြောဆိုသည်။

“လမ်းလျှောက် သင်္ကြန် လုပ်မယ်လို့သတ်မှတ်တာက နေရာလောက်ပဲ သတ်မှတ်ထားတာ ဘာမှ ပြင်ဆင်ထားမှုမရှိဘူးဆိုတော့ ဒီပွဲပျက်တာက သိပ်ထူးဆန်းတဲ့ အရာမဟုတ်ဘူး၊ ဘာမှ မစီစဉ်ထားရင်တော့ ပွဲပျက်မှာပဲလေ”ဟု ယခင်နှစ် လမ်းလျှောက် သင်္ကြန် ပြုလုပ်သည့် နေရာတွင် ဦးဆောင်ခဲ့သူ ကိုကြည်ဇော်လွင်က ဆိုသည်။

ဤသိုု့ ဝေဖန်မှုများကို မွန်ပြည်နယ် အစိုးရအဖွဲ့မှ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက တုံ့ပြန်ခဲ့ခြင်း မရှိဘဲ အစိုးရ ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ခြင်းကြောင့် ယခုလို ဖြစ်ရကြောင်းသာ ဝန်ခံသည်။

လမ်းလျှောက် သင်္ကြန်ပြုလုပ်သည့် နေရာတွင် လမ်းလျှောက်မည့် လမ်း၌ ဖျော်ဖြေရေး မဏ္ဍပ်၊ အလွယ်တကူ စားသုံးနိုင်ကာ စနစ်တကျ ခင်းကျင်းထားသည့် ဈေး အပါအဝင် ပျော်ရွှင် ဖွယ်ရာ မြင်ကွင်းနှင့် လှပသည့် အစီအမံများကို မွန်ပြည်နယ်အစိုးရက ကြိုတင် ပြင်ဆင် ဆောင်ရွက်နိုင်ခြင်းမရှိသည်မှာလည်း အမှန်ပင်။

ယခုနှစ် သင်္ကြန်တွင် အထူးစည်ကားပြီး လာရောက် လည်ပတ်သူများနှင့် ကြက်ပျံမကျ စည်ကားခဲ့သော မန္တလေးနှင့် ချင်းတွင်း လမ်းလျှောက် သင်္ကြန်တို့သည် ထိုထက်မက အစီအမံများကို သင်္ကြန်မတိုင်ခင် နှစ်လ၊ သုံးလ အလိုက ကြိုတင် ပြင်ဆင်ခဲ့ကြောင်း တွေ့ရသည်။

(၂) စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း

ယမန်နှစ်က မော်လမြိုင်၏ ပထမဦးဆုံးသော လမ်းလျှောက် သင်္ကြန်ကို လူငယ်များနှင့် တက်ကြွလှုပ်ရှားသူ ၁၀၀ ကျော်က စတင်ဖော်ဆောင်နိုင်ခဲ့သော်လည်း အစိုးရကိုယ်တိုင်စီစဉ်မည်ဟု ဆိုသောနှစ်တွင်မှ ပျက်ရသည်။
၂၀၁၇ ခုနှစ် လူငယ်များဖော်ဆောင်စဉ်က လမ်းလျှောက် သင်္ကြန်၌ ပါဝင်ကြရန် သင်္ကြန် မတိုင်ခင်က ဆော်သြမှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ကမူ ၂၀၁၈ခုနှစ် လမ်းလျှောက် သင်္ကြန် လုပ်မည့် အကြောင်းကို သင်္ကြန်မတိုင်ခင် နှစ်ရက် အလိုရောက်မှ ကြေညာခဲ့ပြီး သင်္ကြန် အကြတ်နေ့မှ နှစ်ဆန်း တစ်ရက်နေ့အထိဟု ကြေညာခြင်းဖြင့် လုပ်ငန်းစဉ်ကို အစပြုခဲ့သည်။
ဤကဲ့သို့ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့က ဦးဆောင်ဖွဲ့စည်းထားသည့် မဟာသင်္ကြန် ဖြစ်မြောက်ရေးကော်မတီမှ ဆောင်ရွက်မည်ဟုဆိုသော်လည်း ဒေသခံ လူငယ်များနှင့် တိုင်ပင်မှု မရှိခဲ့။ ထို့အပြင် အရေးအကြီးဆုံးနှင့် အဓိကအကျဆုံးအားနည်းချက်မှာ လမ်းလျှောက် သင်္ကြန်အတွက် ဘတ်ဂျက် ခွဲတမ်းပင်မရှိခြင်းဖြစ်သည်။

လမ်းလျှောက် သင်္ကြန်အတွက် အစိုးရမှ ဒေသခံ လူငယ်များနှင့် မတိုင်ပင်ခဲ့မှုအပေါ် ကိုထက်မြတ်မော်က အခုလို ဝေဖန်သည်။
“မော်လမြိုင်မှာ တက်ကြွတဲ့ လူငယ်တွေများပါတယ်၊ အစိုးရက မလုပ်ရင်တောင် သူတို့ကတော့ သူတို့အစီစဉ်နဲ့ သူတို့ဖြစ်အောင်လုပ်ကြမှာပါ၊ အခု အစိုးရက လုပ်မယ်ဆိုတော့ လူငယ်တွေကလည်း မလုပ်ဘဲထားလိုက်တယ် အဲဒီတော့ ပါဝင်ချင်တဲ့သူတွေ၊ နောက်ကလိုက်လုပ်မယ်သူတွေက ဘယ်လိုက်လို့ လိုက်ရမှန်းမသိတာနဲ့ ပျက်သွားတာဖြစ်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။

အနှစ်ချုပ်သည့်အခါ သူမတူထူးခြားသော စရိုက်လက္ခဏာရှိသည့်မော်လမြိုင် သင်္ကြန်တွင်အခြား ဒေသ အချို့ နည်းတူ လမ်းလျှောက်သင်္ကြန်ဖြင့် ပိုမိုစည်ကားအောင် လုပ်ဆောင်ဖို့ ကြိုးပမ်းခဲ့သည့် အစိုးရ၏ စီမံခန့်ခွဲမှုသည် တစ်ပါးသူတို့အတွက် အရွှန်းဖောက်စရာပျက်လုံးတစ်ခုဖြစ်သွားခြင်းပင်။

“အစိုးရအနေနဲ့ တစ်ပြည်နယ်လုံးမှာ စည်ကားအောင်လုပ်ဖို့အခါကျတော့ သေချာပြင်ဆင်ဖို့လိုတယ်၊ စီမံခန့်ခွဲမှုကောင်းဖို့လိုတယ် ၊ လမ်းလျှောက်သင်္ကြန်ပျက်သွားတာထက် သူများ ရယ်စရာဖြစ်တယ် လူတွေ ရယ်ကြတယ် လှောင်ကြ ပြောင်ကြတယ်”ဟု ကိုကြည်ဇော်လွင်က ဆိုသည်။

(၃) တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခြင်း

အစိုးရသည် လမ်းလျှောက် သင်္ကြန် ဖြစ်မြောက်ရေးအတွက် မဟာသင်္ကြန် ဖြစ်မြောက်ရေး ကော်မတီကို တာဝန်ပေးအပ်ခဲ့သည်ဆိုသော်လည်း ယင်းမှတစ်ဖန် စည်ပင်သာယာရေးအဖွဲ့ထံ တာဝန် လွှဲအပ်ကြောင်း ဆိုပြန်သည်။ သို့သော် စည်ပင်သယာရေးအဖွဲ့ကလည်း ဗဟို မဏ္ဍပ် တည်ဆောက်ရေးကိုသာ အာရုံ စိုက်နေခဲ့သည့်အတွက်ကြောင့် ယင်းတာဝန်ကို မထမ်းနိုင်ခဲ့။

ထို့ကြောင့် လမ်းလျှောက် သင်္ကြန်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနလက်အပ်ပြန်၏။ ယင်းသို့ ဟိုဒီ တာဝန်အဆင့်အဆင့်လွှဲရင်းနှင့်ပင် အနှစ်ချုပ်သည့်အခါ မော်လမြိုင် လမ်းလျှောက် သင်္ကြန်ပျက်ခဲ့ရသည်။

မည်သူမည်ဝါက တာဝန်ယူမည် တာဝန်ခံ လုပ်ဆောင်မည်ပင် မပြတ်သားဘဲ ဝေဝါးခဲ့ခြင်းက ထိုအခြေသို့ ဆိုက်စေခဲ့ခြင်းပင်။
အစိုးရကမူ ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ခြင်း မရှိဟု ပြောဆိုခဲ့သော်လည်း ပြည်သူများအနေဖြင့် အစိုးရ စီစဉ်သည့် လမ်းလျှောက်သင်္ကြန်ကို ဆင်နွှဲရန် အားတက်သရော မျှော်လင့်ခဲ့ကြောင်းမှာမူ ထင်ရှားသည်။

မည်သို့ဆိုစေ ယခုနှစ် လမ်းလျှောက် သင်္ကြန် ပျက်ခဲ့မှုကို ပြည်နယ်အစိုးရအနေဖြင့် ကိုယ့်ကိုယ် ကိုယ် မညှာတမ်းအဖြေထုတ်မှသာ ရှေ့လာမည့်အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှုကိစ္စအ၀၀တွင် “ပြည်သူနှင့်အတူ”ဆိုသော ကြွေးကြော်သံနှင့် နီးစပ်မည်ကားအမှန်ပင်။

Written by ထိုက်ထိုက်၊ ဂေထော

Advertisements
<

Leave a Reply