Advertisements

မော်လမြိုင်၊ အောက်တိုဘာ

ခရီးသွားလာမှု အဆင်ပြေ ချောမွေ့စေရန်အတွက် မော်လမြိုင် လေယာဉ်ကွင်း၏ ပေ ၅၀၀၀ ကျော်ကို အကြီးစား ပြုပြင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ က ပြောကြားသည်။

“လေယာဉ်ကွင်းက တစ်နှစ်လောက်နဲ့ ဆောက်လို့ မပြီးဘူး။ အနည်းဆုံး ၃ ၊ ၄ နှစ်လောက် ဆောက်ရမယ်။ ဒီကြားထဲမှာတော့ ကျွန်တော်တို့အနေနဲ့ ပေ ၅၀၀၀ ကိုအကြီးစား ပြုပြင်သွားမယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင် လေယာဉ်ကွင်းကို လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ကျော်က စတင်ဆောက်လုပ်ခဲ့ပြီး ယခုအခါ လေယာဉ် ကွင်းအဆောက် အဦများ ပျက်စီးနေသည့်အပြင် လေယာဉ် ပြေးလမ်းများမှာလည်း ဟောင်းနွမ်းပြီး မညီညာမှုများ ဖြစ်ပေါ်နေသည်။

လေယာဉ်ကွင်း အဆင့်မြှင့်တင်ရာတွင် လာမည့် ဘဏ္ဍာရေးနှစ်တွင် ဖော်ပြပါ ပေ ၅၀၀၀ ကျော်ကို ထပ်ပိုးလွှာခင်းခြင်း၊ အကျယ် ပေ ၁၅၀ ကို ကတ္တရားခင်းသည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားရေးမှူးဦးစီးဌာနမှ မန်နေဂျာ ဦးလှဦးက ပြောသည်။

၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း လေဆိပ် အဆောက်အဦကို နှစ်ထပ်ပုံစံဖြင့် အသစ်တည်ဆောက်သွား မည့်အပြင် လေကြောင်းထိန်းမျှော်စင် နှင့် မီးသတ်အဆောက်အဦကိုလည်း ပြန်လည် တည်ဆောက်ရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။

ယခုအခါ မော်လမြိုင် လေယာဉ်ကွင်းသို့ လေယာဉ် သွားလာ ဝင်ထွက်မှုမှာသည် အပတ်စဉ် တနင်္လာနေ့ တစ်ရက်သာ ပုံမှန် ဆင်းသက်ပျံသန်းနေပြီး၊ အဆိုပါနေ့တွင် ကော့သောင်းနှင့် ရန်ကုန်မြို့ ခရီးစဉ် နှစ်ခုလုံးကို တစ်ပြိုင်တည်း ပြေးဆွဲလျက်ရှိသည်။

Written by – ဇော်ထိုက်

 

Advertisements
<

Leave a Reply