မော်လမြိုင် အောက်တိုဘာ

မော်လမြိုင် လေယာဉ်ကွင်း ပြေးလမ်းကို ဘိုးအင်း 737 လေယာဉ် အမျိုးအစား ဆင်းသက်နိုင်ရန် ပေ ၈၅၀၀ ကျော်အထိ တိုးချဲ့ ပြုပြင်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောကြားသည်။

လေယာဉ်ကွင်းသည် ပေ ၅၄၀၀ သာရှိ၍ ATR 72 အမျိုးအစား လေယာဉ်သာ ဆင်းသက်နိုင်သောကြောင့် ထပ်မံ တိုးချဲ့ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းကို အဆင့်နှစ်ဆင့် ခွဲကာ ပြုလုပ်မည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် လေယာဉ်ကွင်း၏ မြောက်ဘက်ကျိုက်မရော-မော်လမြိုင်ဘက်ခြမ်းကို ပြေးလမ်းပေ ၁ဝဝဝ ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဒုတိယအဆင့်အနေဖြင့် လေယာဉ်ကွင်း၏ တောင်ဘက် ကျိုက္ခမီ-မော်လမြိုင်ဘက်ခြမ်းကို ပေ ၂၁ဝဝ တိုးချဲ့မည်ဖြစ်ကာ တိုးချဲ့ဆောင်ရွက်စဉ် မလွတ်ကင်းသော မြေများကို ကာလပေါက်ဈေးအတိုင် လျော်ကြေး ပေးအပ်သွားမည်ဟု ၎င်းက ဆိုသည်။

“လေယာဉ်ပြေးလမ်းတိုးချဲ့ဖို့အတွက် မလွတ်ကင်းတဲ့ မြေနေရာတွေရှိခဲ့ရင် ကျွန်တော်တို့က လက်ရှိမြေပြင်က ဈေးနှုန်းအတိုင်း ငွေပေးမယ်၊ ပြေးလမ်းတိုးချဲ့နိုင်ခဲ့ရင် နိုင်ငံခြားသားခရီးသွားတွေလည်း လာတာများလာမယ်၊ ကျန်းမာရေးအတွက် အရေးပေါ်သွားလာရာမှာ အဆင်ပြေလာမယ်”ဟု ဦးမြင့်သန်းဝင်းက ပြောသည်။

လေယာဉ် ပြေးလမ်းတိုးချဲ့သည့် လုပ်ငန်းကို လုပ်ဆောင်ရန် စီစဉ်ထားပြီး ၊ လေယာဉ် တိုးချဲ့ပြီးပါက ပုံမှန် တစ်ပတ် တစ်ကြိမ် ပြေးဆွဲသော အစီအစဉ်မှ တစ်ပတ်လျှင် သုံးရက် (သို့မဟုတ်) နေ့စဉ် ပြေးဆွဲလာနိုင်မည်ဟု ၎င်းက ပြောဆိုသည်။

လေယာဉ်ကွင်းတိုးချဲ့ရာတွင် မလွတ်ကင်းသည့် မြေနေရာများအား လျော်ကြေးပေးရန်အတွက် ကျပ်သိန်းပေါင်း တစ်သောင်းခွဲလျာထားမှုအပေါ် ပြည်နယ်အစိုးရအနေဖြင့် ပြန်လည်စီစစ်သင့်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက အကြံပြုပြောဆိုထားသည်။

လေယာဉ်ကွင်းအတွက် မူလ လျာထားချက်ထက် ခြိုးခြံ ချွေတာ လုပ်ဆောင်နိုင်အောင် ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဌာနကို အနီးကပ် ကြီးကြပ်၍ ညွှန်ကြားသင့်သည်ဟု ၎င်းက တိုက်တွန်းထားသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ပြီး ပြည်နယ် စိုက်ပျိုး၊မွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေးက “ကျွန်တော်တို့ ဒုတိယအကြိမ် ပြန်တွက်ထားတာ ရှိတယ်၊ ၁ ဒသမ ၅ ဘီလီယံ မဟုတ်တော့ဘူး၊ သိန်း ၆၀၀၀ ကျော်လောက်ပဲ ရှိမယ်”ဟု ဆိုသည်။

လက်ရှိတွင် လေယာဉ် ကွင်းတိုးချဲမည့် ဧရိယာနှင့် လုပ်ငန်းစဉ် အခြေအနေကို ပြည်ထောင်စုနှင့် တိုင်ပင် ညှိနှိုင်းလျက်ရှိပြီး၊ လုပ်ငန်း အသေးစိတ် တွက်ချက် စိစစ်ပြီးပါက လုပ်ငန်း စတင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ထိုက်ထိုက်

Leave a Reply