မော်လမြိုင် သံလွင်ဥယျာဉ်တွင် အပန်းဖြေ သင်္ကြန်ကျင်းပမည်

မော်လမြိုင် ဧပြီ

မော်လမြိုင်မြို့ သံလွင်ဥယျာဉ်တွင် အပန်းဖြေ သင်္ကြန်ကဲ့သို့ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး ဦးရွှေမြင့်က ပြောသည်။

ယခင်နှစ်က မော်လမြိုင်သြင်္ကန်တွင် လမ်းလျှောက် သြင်္ကန် ပြုလုပ်ခဲ့သော်လည်း ပြည်သူများလာရောက်ပါဝင် ဆင်နွဲခြင်း မရှိသောကြောင့် ယခုနှစ်တွင် အပန်းဖြေ သင်္ကြန်ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းအပန်းဖြေ သင်္ကြန်ကို အကျနေ့နှင့် အကြတ်နေ့များတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“ထီးတွေနဲ့ အလှဆင်ထားမယ် လှေတွေမှာရေဖြည့်ထားပြီး ရေကစားဖို့ထားထားမယ်၊ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး တစ်နေ့ကို စတုဒိသာနှစ်မျိုးလောက် ကျွေးမွေးသွားပါမယ်၊ တီးဝိုင်းတွေလည်းထားဖို့ စီစဉ်ထားပေးမယ်၊ တီးဝိုင်းမရရင်တောင် ဆောင်းဘောက်နဲ့ သီချင်းတွေ ဆိုနိုင်အောင် စီစဉ်ထားပေးမယ်”ဟု ဦးရွှေမြင့်က ဆိုသည်။

ယခုနှစ်မဟာသင်္ကြန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့မှ ဘတ်ဂျက်ငွေ သိန်းနှစ်ထောင် သုံးစွဲသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

သင်္ကြန်မဏ္ဍပ် ဆောက်လုပ်လိုသူများအနေဖြင့် ဧပြီလ ပထမအပတ် နောက်ဆုံထား၍ လျှောက်ထားရမည်ဖြစ်ပြီး အလှအပဆုံး ပြုလုပ်ထားသည့် မဏ္ဍပ်များကိုလည်း ဆုများချီးမြှင့်ပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။

ကုမ္ပဏီများ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် မော်လမြိုင်မြို့ခံများအနေဖြင့် ရေကစားမဏ္ဍပ်များကို ကမ်းနားလမ်းနှင့် အခြားသောလမ်းများတွင် တည်ဆောက်လိုပါက မိမိတည်ဆောက်လိုသော နေရာကို တင်ပြရမည်ဖြစ်ပြီး ယာဉ်လမ်းကြောင်း ပိတ်ဆို့မှုမရှိစေရန် မဏ္ဍပ်နေရာ စီစဉ်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

တေဇ

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.