မော်လမြိုင်မြို့၊ လှိုင်နယ်မြေ(မြေနီကုန်း) အဝေးပြေးကားဝင်းတွင် အဝေးပြေးယာဉ်လိုင်းများ ထပ်မံတိုးချဲ့လာပါက ယာဉ်ရပ်နားမှု အဆင်ပြေမည်မဟုတ်ကြောင်း မွန်ပြည်နယ် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးကော်မတီမှ အတွင်းရေးမှူး ဦးကျော်ဝင်းမောင်က ပြောသည်။

Car-win

မော်လမြိုင် အဝေးပြေးကားဝင်းသည် ၆ ဧက ကျော်သာရှိ ပြီး ပြေးဆွဲနေသော ယာဉ်လိုင်းပေါင်း ၅၂ လိုင်း နှင့် မော်တော်ယာဉ်စီးရေ ၆၅၉ စီး ရှိ၍ မြေနေရာမလုံလောက်တော့ကြောင်း အဆိုပါကော်မတီထံမှ သိရှိရသည်။

အဝေးပြေးကားဝင်းတွင် ယာဉ်လိုင်းသုံးလိုင်း ထပ်မံတိုးချဲ့ရန် လျှောက်ထားမှုများရှိသဖြင့် အဆိုပါယာဉ်လိုင်းများ ထပ်မံတိုးချဲ့မည်ဆိုပါက ကားဝင်းအနေအထားအရ မြေနေရာမလုံလောက်မ ပြဿနာများရှိလာနိုင်ကြောင်း ၎င်းက ဆိုသည်။

ယင်းကားဝင်းအတွင်း ကားဂိတ်ပေါင်း ၃၀ ကျော် ရှိသည့်အပြင် စားသောက်ဆိုင်များလည်း ရှိနေသဖြင့် စားသောက်ဆိုင်များကိုလည်း သီးခြားထားရှိသင့်ကြောင်း ဦးကျော်ဝင်းမောင်က ပြောသည်။

ထိုအဝေးပြေးကားဝင်း၏ အနောက်ဘက်တွင် မြေနေရာ ပိုများရှိနေသဖြင့် တိုးချဲ့ဆောက်လုပ်မည်ဆိုပါက ယာဉ်ရပ်နားရာတွင် အဆင်ပြေလာမည်ဖြစ်ကာ အဝေးပြေးယာဉ်လိုင်းများတိုးချဲ့လာပါက ခရီးသည်များအတွက်လည်း ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယာဉ်များရပ်နားရန် မြေနေရာများ မလုံလောက်သဖြင့် အချို့သောယာဉ်များမှာ ကားဝင်းအရှေ့ဘက်တွင် ရပ်နားနေမှုများလည်း ရှိနေခြင်းကြောင့် ယာဉ်သွားလာရာတွင် အန္တရာယ်များရှိကြောင်း ၎င်းက ပြောဆိုသည်။

Leave a Reply