မွန်ပြည်နယ်၊မော်လမြိုင်မြို့ရှိ Ocean ဈေးဝယ်စင်တာရှိရုပ်ရှင်ရုံနှစ်ရုံကို ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း အဆိုပါဈေးဝယ်စင်တာမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Ocean

မော်လမြိုင် Ocean ဈေးဝယ်စင်တာတွင် 2D ရိုးရိုးရုပ်ရှင်ရုံနှင့် 3D ရုပ်ရှင်ရုံနှစ်ခု ပါဝင်မည်ဖြစ်ပြီး စတင်ဖွင့်လှစ်သည့်နေ့တွင် အဆိုပါရုံများ၌ မြန်မာရုပ်ရှင်ကားတစ်ကားနှင့် အင်္ဂလိပ်ရုပ်ရှင်ကားတစ်ကား အသီးသီးပြသမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါရုပ်ရှင်ရုံများတွင် မြို့ခံပြည်သူများ အပန်းဖြေနိုင်ရန်နှင့် ရုပ်ရှင်ကားအသစ်များ အချိန်မှန်ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ရုပ်ရှင်များကိုနေ့စဉ် တစ်ရက်လျှင် လေးကြိမ်ဖြင့် ပြသမည်ဖြစ်ကြောင်း အဆိုပါ Ocean ဈေးဝယ်စင်တာထံမှ သိရသည်။

မော်လမြိုင်မြို့တွင် ကိုလိုနီခေတ်နှောင်း ၁၉၃၆ ခုနှစ်ဝန်းကျင်မှ စတင်၍ ရုပ်ရှင်ရုံများပေါ်ပေါက်ခဲ့ပြီး ကျန်ခဲ့သောနှစ်များတွင် လုံးဝကွယ်ပျောက်ခဲ့ခြင်းဖြစ်ကြောင်းမော်လမြိုင်မြို့ခံများက ပြောကြားကြသည်။

စတုရန်းပေ နှစ်သိန်းကျော်ကျယ်ဝန်းသည့် Ocean Super Center တွင် ဖွင့်လှစ်မည့် 2D ရုပ်ရှင်ရုံမှာ လူဦးရေ ၁၃ဝ ခန့် ဝင်ရောက်ကြည့်ရူနိုင်ပြီး 3D ရုံရှင်ရုံတွင်မူ လူအယောက် ၂ဝဝ ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ယင်းဈေးဝယ်စင်တာ၏ တာဝန်ရှိသူက ထပ်လောင်ပြောဆိုသည်။

Leave a Reply