ဇွန် ၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် မွန်ပြည်နယ် ဝန်ကြီးများနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များသည် သက်ဆိုင်ရာ မေးခွန်းနှင့် အဖြေများကို လိုရင်းတိုရှင်း မေးရန်နှင့် ဖြေကြားကြရန် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက သတိပေးပြောကြားလိုက်သည်။

“မေးခွန်းမေးတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တိုတိုနဲ့ လိုရင်းကို မေးကြပါ၊ နောက်ပြီး ဖြေကြားတဲ့ ဝန်ကြီးတွေကလည်း တိတိကျကျလေး တိုတိုနဲ့ လိုရင်း ဖြေကြားပေးကြပါ”ဟု ဒေါ်တင်အိက သတိပေးပြောကြားလိုက်သည်။

ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ပြည်နယ် မှ ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက မြေများ တူးဖော်ရောင်းချမှု၊ အကွက်ရောင်းစားမှုများမေးခွန်း၌ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးထွန်းဌေး၏ ဖြေကြားမှုကို လည်းကောင်း၊ ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မေးခွန်း မေးမြန်းမှုနှင့် ကျိုက်မရောမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့် တို့၏ မေးခွန်းများကိုလည်းကောင်း အကြောင်းပြု၍ ထိုသို့ သတိပေးခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် လွှတ်တော် နည်းဥပဒေအရ မေးခွန်းများကို လွှတ်တော် အစည်းအဝေး စတင်ပြီး တစ် နာရီအတွင်း မေးမြန်းရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက်ကြောင့် အချိန်ကို ငဲ့ကွက်စေလိုကြောင်း၊
ကိုယ်စားလှယ်များအနေဖြင့် မေးမြန်းရာတွင် မေးချင်သည့် အကြောင်းအရာများကို တိုက်ရိုက် မေးမြန်းဖို့လိုကြောင်း ၎င်းက ပြောသည်။

“ဥက္ကဋ္ဌ သတိပေးတာ ဟုတ်လည်းဟုတ်တယ်၊ မေးခွန်း မေးတဲ့ ကိုယ်စားလှယ်နဲ့ ပြန်ဖြေတဲ့ ဝန်ကြီးတွေက ဝေ့ဝိုက်နေရောပဲ၊ တိတိကျကျ ပြန်ဖြေရင်တော့ အားလုံးလည်း တစ်ခါထဲ ရှင်းသွားတာပေါ့”ဟု လွှတ်တော် အစည်းအဝေး လာရောက်လေ့လာသူ တစ်ဦးက ပြောဆိုသည်။

ဇွန် ၇ ရက်က ကျင်းပသည့် ဆဋ္ဌမပုံမှန် လွှတ်တော် အစည်းအဝေးတွင် မေးခွန်း ခြောက်ခုမေးမြန်းရာ၌ အချိန် တစ်နာရီ ကျော် ကြာမြင့်ခဲ့သည်။

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးကို ခုနစ် ရက် တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော် ဒေါ်တင်အိက ပြောကြားသည်။

Written by – ဇော်ထိုက်

 

Leave a Reply