ဓာတ်ပုံ - ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ရန်ကုန် ၊ ဩဂုတ် ၁၉
စောဇင်မောင်

မဲစာရင်းပါ အချက်အလက်မှားယွင်းမှုများကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အပေါ် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးလေ့လာစောင့်ကြည့်သူများအကြား ဝေဖန်မှု မြင့်တက်ခဲ့သည်။

နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းကို UEC က ဇူလိုင် ၂၅ ရက်မှ သြဂုတ် ၁၄ ရက်အထိ ပထမအကြိမ် ထုတ်ပြန်ခဲ့ရာ မှားယွင်းမှုများစွာ ပါဝင်ခဲ့ခြင်းဖြစ်ပြီး ယခင် ရွေးကောက်ပွဲများကထက် ပိုမိုမှားယွင်းနေကြောင်း သုံးသပ်ချက်များပင် ရှိနေသည်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရန်ကုန်တိုင်း မီဒီယာတာဝန်ခံ ကိုကျော်လင်းက “မဲစာရင်းမှားယွင်းမှုက မဲစာရင်း ကောက်သူရဲ့အားနည်းချက်နဲ့ မဲစာရင်းကို ကွန်ပြူတာနဲ့ ထည့်သွင်းတာဆိုတော့ ကွန်ပြူတာစာရေးတွေရဲ့ပေါ့ဆမှုကြောင့်လည်း ဖြစ်နိုင်တယ်။ UEC အနေနဲ့ စာရင်းတွေကို ပြန်လည် မစိစစ်တာက အားနည်းချက်တစ်ခု ဖြစ်တယ်။ အခုလို ဖြစ်တာက မဲဆန္ဒရှင်တွေအတွက် ဝန်ထုပ်ဝန်ပိုး အကြီးအမား မဖြစ်ပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်တာပေါ့”ဟု ပြောသည်။

မဲစာရင်း လာကြည့်သူတို့အနက် အချို့မှာ ပြင်ဆင်ချက်ပင် မလုပ်တော့ဘဲ မဲမပေးတော့ဟု ဆိုကာ ပြန်ထွက်သွားသူများကိုပင် တွေ့ရကြောင်း၊ မဲစာရင်း လာရောက်ကြည့်ရှုမှု မပြုသူများလည်း ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခု မဲစာရင်းမှားယွင်းမှုတွေကြောင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီးအပေါ်ကို အနည်းငယ် ထိခိုက်သွားနိုင်တယ်” ဟု ကိုကျော်လင်းက ပြောသည်။

မဲစာရင်းတွင် အမှားအယွင်း အနည်းအများ ရှိနိုင်သော်လည်း ယခု တွေ့နေရသည့် အမှားအယွင်းများမှာ ရွေးကောက်ပွဲကော်မရှင်အတွက် အင်မတန် ရုပ်ဆိုးအကျည်းတန်စေကြောင်း နိုင်ငံရေးလေ့လာစောင့်ကြည့်သူ ဦးအေးကြွယ်က ပြောသည်။

“စာရင်းပြုစုတဲ့ သူတွေကလည်း အရမ်းကိုပေါ့တယ်။ အောက်ခြေကကောက်ပေးတယ်။ အဲဒါကို စာရင်းပြန်သွင်းတော့ မှားကုန်ရော။ ဒါမဖြစ်သင့်ဘူး။ အခြားဘက်နဲ့တွေးရင် နိုင်ငံရေးလှည့်စားမှုလို့အပြောခံရမယ်။ အရင် ရွေးကောက်ပွဲတွေမှာ အခုလောက် အမှားအယွင်း မတွေ့ရပေမယ့် ဒီနှစ်က အတော်ကို ဆိုးရွားတယ်” ဟု ၎င်းကပြောသည်။

UEC အနေဖြင့် အဆိုပါမဲစာရင်းအမှားများကို မပြင်ဆင်နိုင်ပါက ရွေးကောက်ပွဲနေ့တွင် လက်ရှိအာဏပါတီ NLD ၏မဲရရှိမှုနှင့် ရွေးကောက်ပွဲအပေါ် လူထုစိတ်ဝင်စားမှုလျော့ကျလာမည့် ဆိုးကျိုးများကိုပါ ရရှိစေနိုင်ကြောင်း ဦးအေးကြွယ်က သုံးသပ်ပြောဆိုသည်။

UEC အနေဖြင့် မဲစာရင်းကို လာမည့် အောက်တိုဘာလတွင် ဒုတိယအကြိမ် ထပ်မံကြေညာသွားမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း လေးသောင်းကျော် ဖွင့်လှစ်လုပ်ဆောင်သွားမည်ဖြစ်ကာ မဲပေးနိုင်သူဦးရေ ၃၇ သန်းကျော်ရှိကြောင်း သိရသည်။

Leave a Reply