မော်လမြိုင်၊ဇွန်၂၇

မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာ သည့် အချိန်တွင် ပြည်သူများ မဲစာရင်းမှန်မှန် လာရောက်ကြည့်ရှုသည့်ရာ ခိုင်နှုန်းပိုများ ပါက မဲစာရင်းတိကျခိုင်မာမှု ကို အာမခံ နိုင်ကြောင်း မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲ က အတွင်းရေးမှူး ဦးဟိဏ်းမင်းထက်က ဆိုသည်။

“ပြည်သူလူထု လာကြည့်တဲ့ဟာ ၃၀ ရာခိုင်နှုန်း ဆို၃၀ရာခိုင်နှုန်းလောက်အာမခံပေးလို့ရတယ်၊၅၀ ရာခိုင်နှုန်းဆို ၅၀ရာခိုင်နှုန်းထိ အာမခံပေးလို့ရတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၅မဲစာရင်းတွင် အက္ခရာစဉ်အလိုက် မဲစာရင်းပြုစုထားတာဖြစ်ပြီး ၂၀၂၀ရွေးကောက်ပွဲတွင် အိမ်ထောင်စုအလိုက် မဲစာရင်းပြုစုသွားမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“၂၀၁၅ ရွေးကောက်ပွဲကမဲစာရင်းက အက္ခရာစဉ်အလိုက် သွားတဲ့မဲစာရင်း ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲက စပြီး ၂၀၂၀အတွက် လျာထားတာက မိသားစုအလိုက်မဲစာရင်း ပြုစုဖို့အတွက်ဆောင်ရွက်နေတယ် ” ဟု ဦးဟိဏ်းမင်းထက်က ပြောသည်။

လူဦးရေစာရင်းကောက်ယူခြင်းကို သက်ဆိုင်သည့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကောက်ယူသည့် စာရင်းကို လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနကစိစစ်ပြီး ရွေးကောက်ပွဲကော်မရှင်ထံပေးပို့ကာ ကော်မရှင်မှ မဲစာရင်းပြုစုရန် ဆောင်ရွက်ရမည်လည်းဖြစ်သည်။

ထို့အပြင် လူဦးရေစာရင်းကောက်ယူခြင်း တိကျနိုင်ရန်အတွက် နည်းပြဖြစ်သင်တန်းကို ဇွန်လ၂၅ရက်နေ့တွင် မွန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စတင်ပြီး ဝန်ထမ်းများကို သင်တန်းပေးနေကြောင်း ဦးဟိဏ်းမင်းထက်က ပြောသည်။

လူဦးရေစာရင်းကောက်ယူရာတွင် မသန်စွမ်းများနှင့် ပြည်ပရောက်နိုင်ငံသားများလည်း ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်သွားရန် ရှိကြောင်း ၎င်း ကထပ်လောင်းပြောကြားသည်။

ကွင်းဆင်းလူဦးရေစာရင်းပြုစုခြင်းကို ၂၀၁၉ခုနှစ် သြဂုတ်လအထိဆောင်ရွက်မည် ဖြစ်ပြီး မဲစာရင်းပြုစုခြင်းကို စက်တင်ဘာလအပြီးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဦးဟိဏ်းမင်းထက်ကဆိုသည်။

၂၀၁၅ခုနှစ်တွင် မွန်ပြည်နယ်၌ မဲပေးခွင့်ရှိသူ၁၅သိန်းကျော်ရှိခဲ့ဲပြီး မဲရုံ၉၁၉ရှိခဲ့သည်။

ရန်လင်းအောင်

Leave a Reply