မော်လမြိုင် ၊ ဇူလိုင်

ဝန်ကြီးအဖြစ် ခန့်အပ်ခံထားရသော်လည်း မဲဆန္ဒရှင် ပြည်သူများ၏အရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းမွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးသစ် ဦးထွန်းမင်းအောင်က ပြောကြားသည်။

ပေါင် မဲဆန္ဒနယ် အမှတ်(၁)က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်ကို ဇူလိုင်လ ၁၅ ရက်နေ့တွင် ကျင်းပသော မွန်ပြည်နယ်လွှတ်တော်အရေးပေါ်အစည်းအဝေး၂/၂၀၁၉ပထမနေ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးအဖြစ် လွှတ်တော်က
ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

“အခုလည်း ဝန်ကြီးဖြစ်သွားလို့ ပြည်နယ် အဆင့်မှာ ဥပဒေ မှာက ပြည်နယ်လွှတ်တော်အမတ်ပဲလေ၊ လောလောဆယ် တစ်ချက်ပြောလို့ရတာကကိုယ့်မဲဆန္ဒနယ် ပြည်သူတွေကို အရင်ပြောချင်တယ်ပေါ့၊ ဘာကို မက်ဆေချ့်ပေးချင်သလဲ ဆိုတော့ ဝန်ကြီး တာဝန်ကို ယူရသော်လည်း မဲဆန္ဒနယ်ရဲ့ကိုစ္စတွေကို ဒါထက်ပိုပြီးတော့လုပ်နိုင်မယ်လို့ ယုံကြည်တယ်၊ ဝန်ကြီးတာဝန်မှာ ပေးထားတဲ့တာဝန်ကိုလည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားမယ်” ဟု ဦးထွန်းမင်းအောင်က ဆိုသည်။

ထို့ပြင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ အဂတိလိုက်စားမှုများ လျော့နည်းအောင် ပြည်သူတွေကို ဝန်ဆောင်မှုပေးရမည့်ဌာန ဖြစ်သည့်အတွက်ကြောင့် ပိုပြီးတော့ ကောင်းမွန်အောင် ထိန်းကျောင်းသွားမှာ ဖြစ်သည်ဟု ဦးထွန်မင်းအောင်က ပြောကြားသည်။

ဇူလိုင်လ ၁၈ ရက်နေ့ကကျင်းပသော မွန်ပြည်နယ်လွှတ်တော် အထူးအစည်းအဝေး ၂/၂၀၁၉ ဒုတိယနေ့တွင် ဝန်ကြီးအသစ်က လွှတ်တော်ဥက္ကဋ္ဌရှေ့မှောက်ကတိသစ္စာပြုခြင်းအပြီးတွင် မီဒီယာများကို ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“လူ့စွမ်းအားအရင်းအမြစ်က နိုင်ငံတွေမှာ ဘယ်နိုင်ငံမှာမဆို အရေးကြီးတဲ့ဌာန ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတော်ကပေးတဲ့တာဝန်အတိုင်းအကောင်းဆုံးဖြစ်အောင်လုပ်ဆောင်သွားမယ်” ဟု ဆိုသည်။

ထို့ပြင် ၎င်းကိုင်တွယ်ရမည့်ဌာနသည် ပြည်သူများကို ဝန်ဆောင်မှုပေးရမည့် ဌာနဖြစ်သည့်အတွက် ကောင်းမွန်သည့်ဝန်ဆောင်မှုများ ပေးနိင်ရန်အတွက် ဌာနရုံးခန်း၊ ဖေ့စ်ဘွတ်ပေ့ချ်ကိုလည်း မကြာခင် လွှင့်တင်သွားမှာဖြစ်ကြောင်း ဦးထွန်းမင်းအောင်က ဆိုသည်။

ဦးထွန်းမင်းအောင်သည် ပေါင်မြို့နယ်မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး မွန်ပြည်နယ်လွှတ်တော်၏တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာ ကော်မတီတွင်လည်း  ဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

ရန်လင်းအောင်

Leave a Reply