ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်တွင် မွန်ပြည်နယ်ရှိ မဲပေးနိုင်သော မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေး အားနည်းမှုကြောင့် မွန်ပြည်နယ်၏ မဲရရှိမှုမှာ ၅၂ ရာခိုင်နှုန်းသာရှိခဲ့ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ ဦးခင်မောင်တင့်က ပြောသည်။

တိုင်းရင်းသားများ၏ မဲပေးခွင့်ဆုံးရှူံးမှု အခြေအနေများကို လေ့လာသောအခါ လူဦးရေအရသော်လည်းကောင်း၊ ဘာသာစကား အခက်အခဲကြောင့် ပညာပေးအားနည်းမှုနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့်လည်း အသိပညာပေး အားနည်းမှုများဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ရွေးကောက်ပွဲနှင့် အလွန်နီးကပ်လာသည့် အချိန်ဖြစ်သည့် နိုဝင်ဘာ ၁ ရက်တွင် နောက်ဆုံးထုတ်ပြန်သည့် မဲဆန္ဒရှင်စာရင်းနှင့် ပက်သက်၍ အမှားများထပ်မံ ပါဝင်နေသဖြင့် နိုဝင်ဘာ ၅ ရက်မှစ၍ မဲစာရင်းပါဝင်မှ မဲပေးနိုင်မည်ဟု ကော်မရှင်ရုံးများမှ ပြောဆိုသည့် အတွက် နိုင်ငံသားအခွင့်အရေး ဆုံးရှူံးရသူ တိုင်းရင်းသား လူနည်းစုများစွာ မွန်ပြည်နယ်တွင် တွေ့ရှိခဲ့ကြောင်း ၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ တွေ့ရှိချက်များ အစီရင်ခံစာအရ သိရသည်။
eletion_statmen
တိုင်းရင်းသားများ မဲပေးမှုအပိုင်းတွင် မော်လမြိုင်၊ မုဒုံ၊ သထုံ၊ လှိုင်းဘွဲ့၊ မြိုတ်တို့တွင် တိုင်းရင်းသားမဲပေးခွင့် မဲလက်မှတ်ရရှိသော်လည်း တိုင်းရင်းသား မဲစာရင်းတွင် မပါရှိသောကြောင့်လည်းကောင်း၊ တိုင်းရင်းသားမဲပုံး မရှိခြင်းကြောင့်လည်းကောင်း အငြင်းပွားမှုများ ပေါ်ပေါက်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖေါ်ပြထားသည်။

“ပညာပေးအပိုင်မှာ အားနည်းသွားတယ် အဓိက ကတော့ ပါတီတွေအနေနဲ့ သူတို့ကိုယ်တိုင် မဲဆွယ်စည်းရုံးတဲ့ အတွက် ပြည်သူလူထုကို မဖြစ်မနေပညာပေးရမယ်၊ ကျွန်မဆိုရင် မဲမပေးခင် ကျိုက်ထိုက တောင်ခြေရွာတွေမှာ အကုန်ပတ်ပြီး ပညာပေးမှုတွေ လိုက်လုပ်တယ်”ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်စီမံကိန်း ဒါရိုက်တာ ဒေါ်အေးသန္တာအောင်က ပြောသည်။

မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်ထံ စောင့်ကြည့်လေ့လာရန် မှတ်ပုံတင်ထားသော လူဦးရေ ၁၅၉ ဦးရှိခဲ့ပြီး မဲရုံပေါင်း ၄၄၈ ရုံအား စောင့်ကြည့်လေ့လာ ခဲ့ကြသည်။

Leave a Reply