မြဝတီ၊ မတ် ၁ ။ ။ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့တွင် ဈေးဆိုင်ဖွင့် ရောင်းချနေသော မြန်မာနိုင်ငံသား ဈေးသည်များအား ဖေဖော်ဝါရီ ၂၇ ရက်က ထိုင်း လဝက ရဲနှင့် စည်ပင်ရဲ ပူးပေါင်း၍ ရာချီသော ဈေးသည်များ ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

ယခင်နှစ်က ဖမ်းဆီးခဲ့သော်လည်း ငွေဒဏ်ဆောင်ပြီးပါက ပြန်လွှတ်ပေးခဲ့ပြီး နိုင်ငံခြားသား အလုပ်သမားများကို ဈေးဆိုင်ဖွင့်လှစ်သည့် လုပ်ငန်းလုပ်ဆောင်မှုအား ထိုင်းအစိုးရက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခင်နှစ်ကလည်း လူ ၂၀ဝ ကျော် ဖမ်းဆီး၍ ငွေဒဏ်ဆောင် ပြန်လွှတ်ခဲ့ကာ ဒဏ်ငွေ မဆောင်နိုင်မှသာ ထောင်ဒဏ် ၁၂ ရက်၊ ၁၅ ရက်နှင့် တစ်လ ချခဲ့ကြောင်းနှင့် ယခုနှစ်တွင် စီမံချက်ကြီးသောကြောင့် ငွေဒဏ်နှင့် ထောင်ဒဏ်ပါ ပါမည့် အနေအထားရှိကြောင်း ၎င်းက ပြောဆိုသည်။

“မြန်မာဈေးသည်တွေရဲ့ ဘဝဟာ ကျီးလန့်စာ စားဖြစ်ရတဲ့ အထဲရတဲ့ အမြတ်ကိုလည်း ထိုင်းရဲကို အမျိုးမျိုး ဆက်ကြေး ပေးနေရတော့ လူပင်ပန်းတာပဲ အဖတ်တင်ကြပါတယ်၊ ဒီနှစ်ကတော့ ထောင်ကျဖို့များတယ်”ဟု မဲဆောက်မြို့ တံတားဘေးတွင် ဈေးရောင်းစားနေသော ဒေါ်ချိုက ပြောသည်။

ဖမ်းဆီးခံ မြန်မာနိုင်ငံသား ဈေးသည်များအား ဥပဒေအရ ကူညီမှု မပေးနိုင်သော်လည်း လူ့အခွင့်အရေးအရ မြန်မာအလုပ်သမား သံအရာရှိနှင့် ဆက်စပ်ပြီး အတတ်နိုင်ဆုံး ကူညီသွားမည်ဖြစ်ကြောင်း (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆိုသည်။

Written by – ဆုလာဘ်

Leave a Reply