ရိုးဂုဏ်
ရန်ကုန် ဩဂုတ် ၂၄
ရွေးကောက်ပွဲကျင်းပရန်အချိန် နီးကပ်လာနေပြီဖြစ်သော်လည်း ယခုအချိန်ထိ ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များကို မည်သို့ ဆောင်ရွက်ရမည်ဟူသော လမ်းညွှန်ချက် မရှိခြင်းကြောင့် စည်းရုံးရေး လုပ်ငန်းများ နှောင့်နှေးနေရသည်ဟု မွန်ညီညွတ်ရေးပါတီ တွဲဘက်အတွင်းရေးမှူး နိုင်လယိတမက ပြောသည်။
“ကျွန်တော်တို့မှာ အောင်နိုင်ရေး၊ စည်းရုံးရေးအတွက် ဗျူဟာတွေ ချမှတ်ထားတာ ရှိတယ်။ ဒါပေမဲ့ ဒါတွေက ရွေးကောက်ပွဲကော်မရှင်က ချမှတ်ထားတဲ့ ဘောင်ထဲကို ဝင် မဝင် ဆိုတာမသိရသေးဘူး။ ရွေးကောက်ပွဲက နီးလာပြီ။ ရွေးကောက်ပွဲ လမ်းညွှန်ချက်တွေကို အမြန်ဆုံး ထုတ်ပြန်ပေးဖို့ လိုနေပြီ ” ဟု ၎င်းက ဆိုသည်။
လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအနေအထားဖြင့် နိုင်ငံရေးပါတီပေါင်း ၉၃ ပါတီ ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်ပြီး မွန်ပြည်နယ်တွင် ဝင်ရောက်ရွေးချယ်ခံမည်မှာ ၁၃ ပါတီရှိကြောင်း သိရသည်။
လက်ရှိကာလတွင် မဲဆွယ်စည်းရုံးမှုလုပ်ငန်းများ အစပျိုးလုပ်ဆောင်နေမှုအချို့ရှိသော်လည်း လမ်းညွှန်ချက် မထွက်ရှိသေးခြင်းကြောင့် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
ငွေကြေးတတ်နိုင်သည့်ပါတီများက ကိုဗစ်ကာလခက်ခဲမှုများကို အခြေခံပြီး လိုအပ်နေသော အခြေခံစားသောက်ကုန်ပစ္စည်းများကို လှူဒါန်းခြင်းဖြင့် စည်းရုံးရေးလုပ်ငန်းများကို စတင်နေသည်။ အချို့ပါတီများက လူမှုကွန်ရက်စာမျက်နှာများနှင့် နည်းပညာများကို အသုံးပြုနေသူများလည်း ရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် သူ၏ပါတီအောင်နိုင်ရေးအတွက် လူမှုကွန်ရက်စာမျက်နှာ အကောင့်တစ်ခုဖွင့်ကာ ခြေလှမ်းစတင်နေပြီ ဖြစ်သော်လည်း ရွေးကောက်ပွဲကော်မရှင်ကမူ ရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်ချက်များကို ထုတ်ပြန်နိုင်ခြင်း မရှိသေးပေ။
ဓာတ်ပုံ – မွန်ညီညွတ်ရေးပါတီ လူမှုကွန်ရက်စာမျက်နှာ