ဓာတ်ပုံကို ထားဝယ်တိုင်းရင်းသားများပါတီ၏ လူမှုကွန်ရက်စာမျက်နှာထက်မှ ရယူဖော်ပြပါသည်။

၂၀၂၀ စက်တင်ဘာ ၂၃

နိုင်ငံပိုင် မီဒီယာများဖြစ်သည့် ရေဒီယို၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)တို့က ထုတ်လွှင့်ပေးမည့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြောချက် မိန့်ခွန်းစာသား လေးပုံတစ်ပုံကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် – UEC က ဖြတ်တောက်လိုက်ခြင်းနှင့်ပတ်သက်၍ ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို)က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ထားဝယ်တိုင်းရင်းသားများပါတီရဲ့ ဟောပြောချက်တွေထဲမှာ အရေးကြီးတဲ့ အချက်တွေကို ဆင်ဆာဖြတ်တောက်ခံရပါတယ်။ မိန့်ခွန်းပါ အပိုဒ် ၃၂ ပိုဒ်အနက် အရေးကြီးတဲ့ ရှစ်ပိုဒ်ကို ဆင်ဆာဖြတ်တောက်ခံရပါတယ်။ မိန့်ခွန်းအားလုံးရဲ့ လေးပုံတစ်ပုံကို ဖြတ်တောက်လိုက်တဲ့ သဘော ဖြစ်နေပါတယ်”ဟု ယင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။

ယင်းသို့ ဖြတ်တောက်ခြင်းမှာ ဒေသခံ မဲဆန္ဒရှင်ပြည်သူများ အမှန်တကယ် ကြုံတွေ့ခံစားနေရသော အရေးကိစ္စများကို ထုတ်ဖော်ပြောဆိုခွင့်အား ပိတ်ပင်ရာရောက်ကြောင်း ပါတီက သုံးသပ်ပြောဆိုသည်။ ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ညီညွတ်သော လုပ်ရပ်မဟုတ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ထို့ပြင် ပါတီ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ မဲဆန္ဒရှင် ပြည်သူများနှင့် အများပြည်သူတို့ လွတ်လပ်စွာ အစီရင်ခံပိုင်ခွင့်ကို ပိတ်ပင်ရာရောက်ကြောင်း ပါတီဘက်က ယူဆသည်။

ဖြတ်တောက်ခံရသည့် အချက်များမှာ ၂၀၁၅ ရွေးကောက်ပွဲအကြို မဲဆွယ်ကာလက ခွင့်ပြုချက် ရခဲ့ဖူးသည့် အချက်များ ဖြစ်ကြောင်း၊ ပါတီအနေဖြင့် အဓိက ဦးစားပေး လုပ်ဆောင်မည့် အချက်များလည်း ဖြစ်နေကြောင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ဟင်္သာမီဒီယာကို ပြောသည်။

“ဒီ အဓိကအချက်တွေကိုပဲ သူ(ရွေး/ကော်)က ဖြတ်လိုက်တဲ့အခါကျတော့ ၂၀၁၅ တုန်းက ခွင့်ပြုပေးထားခဲ့တာကို ဘာကြောင့် ခုမှ ဆင်ဆာလုပ်တာလဲ၊ ဆိုတော့ အံ့လည်း အံ့ဩတယ်။ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ကော်မရှင်က ပြောနေတယ်။ မေးခွန်းတွေ ထုတ်စရာ အများကြီး ရှိတာပေါ့နော်”ဟု ပါတီ ဥက္ကဋ္ဌက ဆိုသည်။

ဟောပြောချက် မိန့်ခွန်းစာသားနှင့် ထုတ်လွှင့်မည့် သီချင်းတို့ကို UEC ၏ ညွှန်ကြားချက်အတိုင်း ပြီးခဲ့သည့် သြဂုတ် ၂၂ က ပေးပို့ခဲ့ကြောင်း၊ စက်တင်ဘာ ၁၈ ရက်တွင် UEC က ထုတ်ပေးသော ဟောပြောခွင့်ပြုမိန့်တွင် ပါတီတင်ပြထားသည့် မိန့်ခွန်းစာသား လေးပုံတစ်ပုံဖြစ်သည့် မိန့်ခွန်းအပိုဒ် ၃၂ ခုအနက် ရှစ်ခုကို ခွင့်မပြုဟု အကြောင်းကြားလာကြောင်း သိရသည်။

ဓာတ်ပုံကို ထားဝယ်တိုင်းရင်းသားများပါတီ၏ လူမှုကွန်ရက်စာမျက်နှာထက်မှ ရယူဖော်ပြပါသည်။
ဓာတ်ပုံကို ထားဝယ်တိုင်းရင်းသားများပါတီ၏ လူမှုကွန်ရက်စာမျက်နှာထက်မှ ရယူဖော်ပြပါသည်။
ထားဝယ်တိုင်းရင်းသားများပါတီ ဥက္ကဋ္ဌ ဦးအေးမင်း သတင်းစာရှင်းလင်းပွဲနေ့က ဆိုရှယ်မီဒီယာကတဆင့် တင်ပြနေစဉ်။ (ဓာတ်ပုံကို ထားဝယ်တိုင်းရင်းသားများပါတီ၏ လူမှုကွန်ရက်စာမျက်နှာထက်မှ ရယူဖော်ပြပါသည်။)

ဖော်ပြပါကိစ္စနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပါတီရုံးချုပ်တည်ရာ ထားဝယ်မြို့ ပိန္နဲတောရပ်တွင် စက်တင်ဘာ ၂၂ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။ သတင်းစာရှင်းလင်းပွဲအပြီး၌ အချက် သုံးချက်ပါ ကြေညာချက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ဟင်္သာမီဒီယာကို ပြောသည်။

ဖြုတ်ပယ်ခံရသည့် အချက်များတွင် တနသာင်္ရီတိုင်းအတွင်း လျှပ်စစ်ဓာတ်အားခ ပြည်မနှင့်တန်းတူ မရှိမှုအပေါ် မေးခွန်းထုတ်ခြင်းနှင့် ထားဝယ်လူမျိုးတို့ ဗမာအဖြစ် လွဲမှားစွာ မှတ်ပုံတင်ထားခြင်းခံရခြင်းတို့ အဓိကပါဝင်ကြောင်း သိရသည်။

ယင်းသို့ အကြောင်းပြန်ကြားလာမှုအပေါ် UEC တာဝန်ရှိသူထံ ပါတီဘက်က ဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၎င်းတို့၏ မူဝါဒနှင့် မကိုက်ညီ၍ ပယ်ဖျက်ခဲ့ခြင်းဟု UEC က ဆိုကြောင်း သိရသည်။

ထားဝယ်တိုင်းရင်းသားများပါတီအနေဖြင့် ယခင် ၂၀၁၅ ရွေးကောက်ပွဲ၌ တနသာင်္ရီတိုင်းဒေသကြီး မဲဆန္ဒနယ်အများစုတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ယခု၂၀၂၀ တွင်မူ ထားဝယ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ မဲဆန္ဒနယ်များ၌ ကိုယ်စားလှယ်လောင်း ရှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယှဉ်ပြိုင်မည့် နေရာအားလုံးမှာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အတွက်သာ ဖြစ်သည်။

နေမင်းထွဏ်း

Leave a Reply