Advertisements

မွန်ပြည်နယ်ရှိ ကျေးရွာအများစုက ပြည်သူများသည် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြပြီး အထူးသဖြင့် ထိုင်းနိုင်ငံ၊ မြို့ကြီးများရှိစက်ရုံများ၊ ခရိုင်များ၊ မြို့နယ်နေရာအနှံ့အပြားတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေကြသည်။

အလားတူပင် ပြည်တွင်းတွင်လည်း နေရာဒေသအများအပြားက ရေးလုပ်သားများအပြင် ခြံ၊ လယ်ယာများ လုပ်ကိုင်ရန်အတွက် မွန်ပြည်နယ်သို့ ရွှေ့ပြောင်းလုပ်သားအဖြစ် လာရောက် အလုပ်လုပ်ကိုင်နေကြသူများ လည်း ရှိနေပြန်သည်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများနှင့် ပြည်တွင်း ရွှေ့ပြောင်းလုပ်သားများကြောင့် အထွေထွေရွေး ကောက်ပွဲရလဒ်အတွက် ဆန္ဒမဲပေးရာတွင် အပြောင်းအလဲများ ဖြစ်ပေါ်နေသည်ကို ရွေးကောက်ပွဲလေ့လာသုံး သပ်သူများက ဆိုသည်။

Advertisements
data-language="en"

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းပြုစုသည့်ကာလမှာ မွန်ပြည်နယ်အတွက် ဘတ်ဂျက်ငွေ ကျပ်သိန်း ၄၈၀ ကျော်အသုံးပြုသွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများကို ပြောဆိုထားသည်။

ပြည်ပရောက် တရားဝင်ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံခြားသံရုံးကို ဆက်သွယ်ပြီး ဆန္ဒမဲပေးနိုင်စေရေးကို ရွေးကောက်ပွဲကော်မရှင်က စီစဉ်ပေးထားပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သားများဖြစ်ပါက မိမိဒေသသို့ ပြန်လာ၍ မဲပေးရမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားသည်။

ပြည်ပရောက်ရွှေ့ပြောင်းလုပ်သားများသည် စက်ရုံပိတ်ချိန်၊ အလုပ်ပိတ်ချိန်မှသာ မူလဇာတိမြေသို့ ပြန်လာလေ့ရှိကြပြီး ယင်းအချိန်သည် မြန်မာနိုင်ငံ၌ ကျင်းပသည့် အထွေထွေရွေးကောက်ပွဲကလည်း ကျင်းပပြီးနေပြီး ဖြစ်သည်။

ထိုင်းနိုင်ငံရှိ မြို့နယ်များတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေ မွန်ပြည်နယ်က ပြည်သူအများစုသည် ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ဆုံးရှုံးခဲ့မှုများ ရှိသည်။

An European Union personnel serving as an election overseer in Myanmar’s upcoming general elections demonstrates how to fill up a ballot paper in Yangon, Myanmar October 30, 2015. REUTERS/Soe Zeya Tun

“ကျွန်တော်တို့ သတင်းကြားတာက ကိုယ်နေတဲ့မြို့နယ်မှာပဲ မဲပုံးလာပို့ပြီး မဲပေးရမယ်လို့ ကြားတယ်။ ဒါပေမယ့် ဘာမှ ရောက်မလာဘူး။ ဘယ်မှာပေးရမှန်းလည်းမသိဘူး”ဟု ထိုင်းရောက်ရွှေ့ပြောင်းလုပ်သား ဦးအောင်မြင့်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၊ မြို့နယ်များတွင် ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မွန်ပြည်နယ်မှ ပြည်သူအများစုသည် ရွေးကောက်ပွဲအတွက် ပညာပေးခြင်း၊ စာရင်းကောက်ယူခြင်းများ လာရောက်ခဲ့ခြင်း မရှိသည့်အပြင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ဆန္ဒမဲသွားရောက် ပေးရမည်ကိုလည်း သိရှိခဲ့ကြခြင်း မရှိပေ။

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း မြန်မာသံရုံးမှာသာ သွားရောက်မဲပေးရမည်ဆိုပါက သွားရေးလာရေးကိစ္စအခက်အခဲများစွာရှိနေသောကြောင့် ထိုင်းနိုင်ငံမြို့နယ်အနှံ့အပြားတွင် မြန်မာနိုင်ငံသားအများစု ရှိနေကြသည့်အတွက် ခရိုင်၊ မြို့နယ်များတွင် မဲရုံများကို စီစဉ်ပေးစေချင်ကြောင်း ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားများက ဆိုကြသည်။

“ဒါမှ မဲထည့်ခွင့်ရမယ်။ ကျွန်တော်တို့လည်း မဲပေးချင်တာပေါ့၊ အဲလိုမဟုတ်ရင် မထည့်ရဘူး”ဟု ထိုင်းရောက် ရွှေ့ပြောင်းလုပ်သား ဦးအောင်မြင့်ဦးက ထပ်လောင်းပြောကြားသည်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများသည် မဲစာရင်းမှာ အမည်ပါရှိခဲ့ပါက မိမိရောက်ရှိနေသည့် နိုင်ငံကနေတစ်ဆင့် ကြိုတင်မဲပေးခွင့်ရှိသည်ကို ဥပဒေအရ ပြဋ္ဌာန်းထားပြီး ဆန္ဒမဲပေးသည့်နေ့မှာလည်း မိမိကိုယ်တိုင် မြန်မာသံရုံးကို သွားရောက်ပြီး ဆန္ဒမဲပေးနိုင်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ရှင်းပြသည်။

အထူးသဖြင့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားအများစုသည် ထိုင်းနိုင်ငံရှိ ခရိုင်၊ မြို့နယ် တစ်ခုတည်း တွင်သာ နေထိုင်နေကြခြင်း မဟုတ်သည့်အတွက် ဘန်ကောက်မြို့ မြန်မာသံရုံးတစ်နေရာတည်းမှာသာ ဆန္ဒမဲပေးရမည်ဆိုလျှင် ရွှေ့ပြောင်းလုပ်သားများအတွက် ကုန်ကျစရိတ်၊ သွားရေးလာရေးကိစ္စများ စသည့် အခက်အခဲများစွာရှိနေသည့်အပြင် အလုပ်ရှင်ထံ ခွင့်ပြုချက်လည်း ရယူရန် လိုအပ်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

“အဲဒီအခက်အခဲတွေကြောင့် မဲပေးခွင့်ရှိသည့်တိုင်အောင် အနည်းစုကသာ သံရုံးကိုသွားပြီး မဲပေးကြတယ်”ဟု နိုင်လယိတမက ပြောသည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများအတွက် အခက်အခဲမဖြစ်ပေါ်စေရန် မြန်မာသံရုံးတစ်ခုတည်းတွင်သာ ဆန္ဒမဲပြုရမည်မဟုတ်ဘဲ ထိုင်းနိုင်ငံရှိ ခရိုင်၊ မြို့နယ်များတွင်လည်း မဲရုံများ ဖွင့်လှစ်ပေးနိုင်စေရေး ပြည်ထောင်စုအစိုးရနှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့တို့ ညှိနှိုင်းဆောင်ရွက်ပေးသင့်ကြောင်း ၎င်းက အကြံပြုပြော ဆိုသည်။

အလားတူပင် ဂျပန်နှင့် ကိုရီးယားရောက် မြန်မာနိုင်ငံသားများသည် ပညာတော်သင်များ ရှိသကဲ့သို့ အလုပ်လုပ်ကိုင်ရန်အတွက်လည်း ရှိနေပြန်သည်။

ပြီးခဲ့သည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဂျပန်ရောက် မြန်မာနိုင်ငံသားအတွက် ရွေးကောက်ပွဲ သတင်းအချက်အလက်နှင့် အခြားသောလုပ်ဆောင်ရမည့် လုပ်ဆောင်ချက်က များနေသောကြောင့် အနည်းစုကသာ ဆန္ဒမဲပေးခဲ့ကြသည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် နိုင်ငံသားတစ်ယောက်အနေဖြင့် တာဝန်သိသောစိတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် သံရုံးကို သွားရောက်မေးမြန်းကာ ဖောင်စာရွက်ဖြည့်ခိုင်းပြီး မြန်မာနိုင်ငံရှိ အိမ်ထောင်စုစာရင်းနှင့် ပြန်လည်စိစစ်ကာ ဆန္ဒမဲပေးရန်အတွက် သံရုံးသို့ သုံးကြိမ်ခန့် အလုပ်ဖျက်ပြီး သွားရောက်ခဲ့ရကြောင်း ဂျပန်ရောက် ရွှေ့ပြောင်းလုပ်သား ကိုကောင်းမြတ်က ပြောသည်။

ထို့ပြင် အချို့သော မြန်မာနိုင်ငံသားသည် ပတ်စပို့စ် ပျောက်သွားသည့်အတွက် ဆန္ဒမဲပေးရန် အခက်အခဲရှိ၍ ဆန္ဒမဲ မပေးခဲ့ရသူများလည်းရှိခဲ့သည့်အတွက် လာမည့် ၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသားအတွက် မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်ကြောင်း အထောက်အထားတစ်စုံတစ်ရာပြနိုင်ပါက ဆန္ဒမဲပေးခွင့်ပြုပေးရန် တောင်းဆိုချင်ကြောင်း၊ ကိုကောင်းမြတ်က

“မဲပေးချင်တဲ့လူတွေ အများကြီး ၊အချို့က ပတ်စပို့စ်ပျောက်လို့ မပေးရတာရယ်၊ အချို့ကျတော့ ပတ်စပို့စ်မရှိလို့ အမျိုးမျိုးပေါ့ ဒါကို လျှော့ပေါ့စဉ်းစားပေးဖို့ လိုတယ်”ဟု ထပ်လောင်းပြောကြားသည်။

လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ဂျပန်ရောက် မြန်မာနိုင်ငံသားများ သိရှိနိုင်စေရန် မြန်မာသံရုံး Website မှတစ်ဆင့် ရွေးကောက်ပွဲ သတင်းအချက်အလက်များကို မျှဝေထားစေလိုကြောင်း ၎င်းကဆိုသည်။

ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသော ပြည်သူများ ရှိသကဲ့သို့ ဧရာဝတီတိုင်း စသည့် နေရာဒေသမှ လာပြီး မွန်ပြည်နယ်တွင် လာရောက်အလုပ်လုပ်ကိုင်ကြသော ပြည်သူများလည်း ရှိနေသည်။

ပြီးခဲ့သည့် ၂၀၁၅ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွေ့အကြုံအရ ရွှေ့ပြောင်းလုပ်သားများကို ၎င်းတို့ ရောက်ရှိနေသည့်နေရာဒေသ မဲဆန္ဒနယ်မှာ အရွေးချယ်ခံသည့်ကိုယ်စားလှယ်လောင်းကိုသာ ဆန္ဒမဲပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုခဲ့သည့်အတွက် ရွေးကောက်ပွဲရလဒ်အပေါ်မှာ အတိုင်းအတာတစ်စုံတစ်ရာအထိ သက်ရောက်မှုရှိခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက ဆိုသည်။


“တချို့နေရာတွေက တိုင်းရင်းသားတွေ အသာစီးရမယ့်နေရာမှာ အဲဒီရွှေ့ပြောင်းလုပ်သားဆန္ဒမဲတွေကြောင့် အသာစီးမရနေခဲ့ဘူး”ဟု နိုင်လယိတမက ပြောသည်။

ရွှေ့ပြောင်းလုပ်သားများသည် ၎င်းတို့ရောက်ရှိနေသည့် နေရာဒေသမှာ အလုပ်လုပ်ကိုင်သည့်အတွက် ယာယီလာရောက်နေထိုင်ခြင်းသာဖြစ်ပြီး အလုပ်ပြီးပါက ၎င်းတို့နေထိုင်ရာ မူလဇာတိမြေနေရာကို ပြန်ကြမည်ဆိုသည့်ကိစ္စကို၂၀၁၅ မတိုင်ခင်ကတည်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တရားဝင် တင်ပြခဲ့ကြောင်း နိုင်လယိတမက ဆိုသည်။

ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားများက ၎င်းတို့မူလအမြဲတမ်းနေထိုင်သည့် မဲဆန္ဒနယ်များကိုသာ အရွေးချယ်ခံကိုယ်စားလှယ်များကို ကြိုတင်မဲပေးနိုင်ရန် စီစဉ်ပေးမည်ဆိုပါက ပြည်တွင်းရှိ ရွှေ့ပြောင်းလုပ်သားများကိုလည်း ၎င်းတို့မူလဇာတိမြေနေရာဒေက အရွေးချယ်ခံကိုယ်စားလှယ်များကို ကြိုတင်မဲပေးနိုင်စေရေး စီစဉ်ပေးသင့်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။

မွန်ပြည်နယ်ရောက် ရွှေ့ပြောင်းလုပ်သားများကို ၎င်းတို့မူလနေရပ်မှာသာ ဆန္ဒမဲပေးခွင့်ပြုရန် မိမိတို့တောင်းဆိုထားသော်လည်း လက်ရှိအစိုးရက ဥပဒေအရ တားဆီးလိုသည့်သဘောဖြင့် မိမိတို့ထောက်ပြချက်က မခိုင်လုံသည့်သဘောနှင့်သာ မွန်ပြည်နယ်ရောက် ရွှေ့ပြောင်းလုပ်သားများကို (၆) လပြည့်ပါက ပုံစံ (၁၀) ထုတ်ပေးနေကြောင်း နိုင်လယိတမက ဆိုသည်။

“ဒီလိုထုတ်ပေးနေတာဟာ Population Transfer ပေါ့၊ လူမျိုးအပြောင်းအရွှေ့လုပ်ဆောင်နေတာလားလို့ ကျွန်တော်တို့က မေးခွန်းထုတ်စရာတွေ ဖြစ်လာတယ်”ဟု နိုင်လယိတမက ဆိုသည်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ရှိ ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံခြားရောက်ရွှေ့ပြောင်းလုပ်သားများကဲ့သို့ မူရင်းဒေသကိုယ်စားလှယ်ကိုသာ မဲပေးခွင့်ပြုရန် မွန်ညီညွတ်ရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အဆိုပြုထားသည်။

ရွှေ့ပြောင်းလုပ်သားများမဲပေးရမည့်ကိုယ်စားလှယ်ကို ခွဲခြားရန်လိုအပ်သည်မှာ ၎င်းတို့အကျိုးစီးပွားအတွ က်လည်းကောင်း၊ ဒေသအကျိုးစီးပွားအတွက်လည်းကောင်း၊ ကိုယ်စားလှယ်အကျိုးစီးပွားအတွက်လ ည်းကောင်း ထည့်တွက်ပြီး ရွှေ့ပြောင်းလုပ်သားများ၏ မဲပေးခွင့်ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုကော်မတီဝင် နိုင်စံလှိုင်က ပြောသည်။

လူဦးရေစာရင်းကောက်သည့်အချိန်မှာ ပုံစံ(က) မိသားစုတစ်စုကို တစ်စုံနှုန်းဖြင့်ကောက်ယူပြီး ကောက်ယူ သည့်အချိန်တွင် ကျား၊ မ၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အမိအမည်၊ အဖအမည်၊ လူမျိုး၊ တော်စပ်ပုံ၊ မသန်စွမ်းအမျိုးအစား၊ စသည့် မှတ်ချက်များလည်း ပါရှိ၍ ယင်းမှတ်ချက်ထဲတွင်မူ ရွှေ့ပြောင်းလုပ်သားများ သည် မည်သည့်နေရာက ပြောင်းရွှေ့လာခြင်းဆိုသည့် အချက်အလက် အသေးစိတ်ကအစ ပါရှိမည်ဖြစ်ကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဟိဏ်းလင်းထက်က ရှင်းပြသည်။

“ကျွန်တော်တို့ ရွေးကောက်ပွဲအတွက် မဲစာရင်းအတွက် လုပ်ထားရင်တော့ ခုနက ပြောတဲ့ ရွှေ့ပြောင်းအနေအထားပေါ်မူတည်ပြီးတော့ ၃ (က)နဲ့ လျှောက်မှာလား။ ယခင်က နေရာမှာ ရှိခဲ့သလား စသည်အားဖြင့် ဒေတာအချက်အလက်တွေ ပါတယ်။ ဘယ်နေရာမှာ သန်းခေါင်စာရင်းရှိသလဲ။ ဘယ်နေရာ ပုံစံ ၆၆/၆ ဘယ်မြို့နယ်မှာ ရှိနေသလဲ။ သူက ဒီမြို့နယ်မှာ မဲပေးမယ်ဆိုရင် ၃ (က) နဲ့ ကိုယ်တိုင်ဆန္ဒပြုပြီးတော့ လျှောက်ရမယ်။ အဲဒီအခါ ၃ (ခ) နဲ့ ဟိုဘက်က မဲစာရင်းကို ကျွန်တော်တို့ ဖျက်လိုက်ရမယ်”ဟု ဦးဟိဏ်လင်းထက်က ပြောသည်။

နိုင်ငံခြားရောက် တရားဝင်ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံခြားသံရုံးကို ဆက်သွယ်ပြီး မဲပေးနိုင်စေရန် စီစဉ်ပေးထားကာ တရားမဝင် ရွှေ့ပြောင်းလုပ်သားများက မိမိဒေသသို့ ပြန်လာပြီး မဲပေးရမည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး မဲပေးခြင်း၊ မပေးခြင်းကို မဲဆန္ဒရှင်ပြည်သူနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။

မွန်ပြည်နယ်အတွင်း ၂၀၁၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၁၀ သိန်း ၁ သောင်း ၆ ထောင်ကျော် ရှိခဲ့ရာမှ ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူ ၁၅ သိန်း ၁ သောင်းကျော်အထိရှိလာသည့်အတွက် မဲပေးပိုင်ခွင့်ရှိသူ ၅ သိန်းကျော်ခဲ့ရာ ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းတိုးလာသည်။

ရွှေရိုး

Leave a Reply