Photo - UEC

ရန်ကုန် ၊ သြဂုတ် ၂၂
ရိုးဂုဏ်

Covid – 19 ကြောင့် ရွေးကောက်ပွဲနေ့တွင် မဲရုံများ၌ လူတစ်ထောင်လျှင် အဆိုင်း တစ်ဆိုင်းနှုန်းဖြင့် မဲပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“ ရွေးကောက်ပွဲကို ကျန်းမာရေး စံသတ်မှတ်ချက်တွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ကြိုတင် စီစဉ်ထားရမှာဖြစ်ပြီး မဲဆန္ဒရှင်တွေ တန်းစီတဲ့နေရာမှာ လုံလောက်တဲ့ အကွာအဝေးဖြစ်ဖို့ လိုအပ်ပါတယ် ” ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ဆိုသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ၌ သြဂုတ် ၂၂ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ အမှာစကား ပြောကြားစဉ် ၎င်းက ယင်းသို့ ဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းဆိုင်ရာ၊ မဲဆန္ဒရှင်စာရင်းဆိုင်ရာ၊ မဲရုံများလျာထားသတ်မှတ်ခြင်းဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်ပြီး ကြိုတင်ညှိနှိုင်းသည့် အစည်းအဝေးဖြစ်ပြီါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူ များ၊ တိုင်းဒေသကြီး/ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။

လူတစ်ထောင်ထက်ကျော်လျှင် အဆိုင်းနှစ်ဆိုင်း၊ နှစ်ထောင်ထက်ကျော်လျှင် အဆိုင်းသုံးဆိုင်း စသဖြင့် ခွဲထုတ်ရမည်ဖြစ်ကြောင်းနှင့် အဆိုင်းများကို မည်သို့မည်ပုံ ခွဲထုတ်ရမည်ဆိုသည်များကို ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

ရွေးကောက်ပွဲကို သတင်းရယူကြမည့် သတင်းမီဒီယာများကို စက်တင်ဘာလတွင် စာရင်းပြုလုပ်နိုင်ရန်အတွက် လျှောက်လွှာခေါ်ယူမည့် နေ့ရက် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများ စိစစ်မှုပြီးဆုံးသွားပါက စာရင်း အတည်ပြုကြေညာပြီး မဲဆွယ်စည်းရုံးခွင့်ပေးမည်ဖြစ်သော်လည်း ယခုအချိန်ထိ ကိုယ်စားလှယ်လောင်းစာရင်း ထုတ်ပြန်နိုင်မည့်အချိန်ကို မသိရသေးပေ။

Photo – UEC

Leave a Reply