ဘားအံ၊ ဇွန် ။       ။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြိုနယ်  မဲသဝေါဒေသ မြိုင်ကြီးငူစစ်ဘေးရှောင်စခန်းနှင့် တိုက်ပွဲများ ဖြစ်ပွားရာဒေသတွင်းမှ  ကျောင်းများ၏၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် သင်ကြားရေး အစီအစဉ်များကို မြိုင်ကြီးငူစစ်ဘေးရှောင်စခန်း ကျောက်စာကွင်းဓမ္မာရုံနှင့် စစ်ရေးကင်းစင်သော ကျေးရွာများတွင် ပန်လည်ဖွင့်လှစ်သင်ကြားပေးရန် စီစဉ်နေကြောင်း လှိုင်းဘွဲ မြို့နယ် ပညာရေးမှုး ဒေါ်မိုးပုလဲစိုးက ပြောသည်။

မဲသဝေါဒေသတွင် ၂၀၁၆ ခုနှစ် သြဂုတ်လမှ စတင်ဖြစ်ပွားနေသော DKBA ခွဲထွက်အဖွဲ့များနှင့် အစိုးရတပ်မတော် တပ်ရင်းတပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့များ၏  ဒေသတွင်း တိုက်ပွဲများကြောင့် ကျေးရွာ ၃၀ မှ ကျောင်းသား ၁၀၀၀ ခန့်မှာ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်စခန်းတွင် တိမ်းရှောင်နေကြရပြီး ၂၀၁၆/၂ဝ၁၇ ပညာသင်နှစ်တွင် ပညာသင် ကျောင်းသား ၅၀၀ ကျော်သာ သင်ကြားနိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ယခု ၂၀၁၇/၂ဝ၁၈ ခုနှစ် ပညာသင်နှစ်အတွက် စစ်ရေးကင်းစင်သောကျေးရွာ အချို့နှင့် နေရပ်မပြန်နိုင်သေးသော ကလေးများအတွက် စစ်ရှောင်စခန်း ယာယီစာသင်ဆောင်တွင် ပညာသင်ကြားရေး စီစဉ်နေကြောင်း ဒေါ်မိုးပုလဲစိုးက ပြောသည်။

“ဒီစာသင်နှစ်အတွက်တော့ ကျောင်းသားစာရင်းကောက်နေပါပြီ၊ ကျောင်းတက်မယ့် ကလေးတွေ ကို စာသင်ဖို့ ပြန်စုနေပါတယ်၊ တချို့ ရွာက ကလေးတွေကတော့ ရွာပြန်နေနေကြပြီ၊ တချို့က မပြန်နိုင်သေးဘူး ဒါကြောင့် သင်ကြားရေး ဆရာ၊ ဆရာမတွေကို ဧရိယာ ခွဲပြီး ရွာပြန်သင်မယ်လူရယ် စစ်ရှောင်စခန်းမှာ သင်ပေးမယ့်လူရယ် ခွဲပြီး သင်ကြားပေးကြဖို့ စီစဉ်နေပါတယ်”ဟု ဒေါ်မိုးပုလဲစိုးက ပြောသည်။

စစ်ရေးကင်းစင်သောကျေးရွာများမှ တချို့သည်သီးပင်စားပင်တို့ ပြန်လည် စိုက်ပျိုးရန် နေအိမ်အဆောက်အအုံများ ပြင်ဆင်ဆောင်ရွက်ရန် နေရပ်သို့ပြန်နေထိုင်ကြပြီး စစ်ရေးတင်းမာနေသေးသော နေရာများမှ ဒေသခံများမှာ မြိုင်ကြီးငူဆရာတော်ကြီး၏ ဒေသဖွံဖြိုးရေးလုပ်ငန်းများတွင် အုတ်ဖုတ်ခြင်း၊ လမ်းခင်းခြင်း၊ ကျောက်စာတိုက်စေတီများ တည်ဆောက်ရာတွင် ဝိုင်းဝန်းလုပ်ဆောင်ပေးနေကြကြောင်း စစ်ရှောင်စခန်းတွင် နေထိုင်ခိုလှုံနေသူများ ထံမှ သိရသည်။

Written by – ရာဟု(ဖားအံ)

Leave a Reply