ရွာတွင်ပစ်ထားခဲ့ရသော စပါးပင်များကို ကျွဲ၊ နွားများ ဝင်စားသွားမည်ဆိုပါက လာမည့်နှစ်တွင် မိသားစုသည် စားသောက်ရေးအတွက် ခက်ခဲမည် ကို စောဘူးဂေးတို့မိသားစု စိုးရိမ် နေသည်။
မဲသဝေါ ဒေသတွင် တပ်မတော် ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့ တို့နှင့် DKBA ခွဲထွက် အဖွဲ့ခေါ် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ် DKBA တို့ ၏ တိုက်ပွဲကြောင့် စောဘူးဂေး တို့မိသား စုမှာ မြိုင်ကြီးငူ အထူးဒေသမြတ်ပန်းဝတ်မုံ စစ်ဘေးရှောင်စခန်း ရွေ့ပြောင်းနေထိုင် ရသောကြောင့် သူတို့လယ်ယာ များ ပစ် ထားခဲ့ရ သည်။

img_2544-copy

မဲသဝေါဒေသရှိ ရင်းပိုင်းချောင်းဝတွင် နေထိုင်သူသော စောဘူးဂေးသည် မြတ်ပန်းဝတ်မုံ စစ်ဘေးရှောင် စခန်းသို့ ရောက်ရှိနေသည်မှာ လေးရက်မြောက် ရှိခဲ့ပြီး ဖြစ်ပြီး သူ့၏ စပါးပင်များ ကို တစ်ရက်မျှ စိတ်မချခဲ့ရ ဟုပြောဆိုသည်။

“ရွာပြန်လို့ရှိရင်ဘာမှ လုပ်စားမတက်တော့ဘူး၊ စိုက်ပျိုးထားတဲ့စပါးပင်တွေကို ကျွဲနွားတွေစားလို့ ကုန်ပြီးပေါ့”ဟု စောဘူးဂေးက ငြီးငြူပြောဆိုသည်။

မဲသဝေါဒေသတွင် DKBA ခွဲထွက်အဖွဲ့နှင့် BGF တပ်ဖွဲ့တို့၏ တိုက်ပွဲအခြေအနေကြောင့် ဆိတ်အကောင် ၁၀ဝ နှင့် ကျွဲ ၁၀ ကောင်ကို ပစ်ထားခဲ့ရသော်လည်း ဒေသအနေထားအရ စပါးတစ်ကြိမ်သာ စိုက်ပျိုး၍ရခြင်းကြောင့် မိသားစုအတွက် ဆန်စပါးသာ အဓိကဖြစ်ကြောင်း စောဘူးဂေးက ပြောသည်။

“ရွာကို ကျွန်တော်ပြန်ချင်နေပြီး နင်တို့ ပြန်ရဲလား၊ ပြန်ရဲရင် နင်တို့ပြန်ကြည့်လို့ ခွင့်ပြုပေးမယ်ဆိုရင်တော့ ပြန်မယ်”ဟု ၎င်းက ဆိုသည်။
မဲသဝေါဒေသတွင် ဖြစ်ပေါ်နေခဲ့သော တိုက်ပွဲကြောင့်စောဘူးဂေး ကဲ့သို့ မြိုင်ကြီးငူအထူးဒေသရှိ စစ်ဘေး ရှောင် ဒုက္ခ သည် စခန်းနှစ် ခုတွင် စစ်ဘေးရှောင် ဒုက္ခသည် ၄၀ဝ၀ နီးပါအထိ ရောက်ရှိလာပြီးဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လှိုင်းဘွဲမြို့နယ် ဒုတိယဦးစီးမှူး ဦးနေလင်းထက်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲ မှာ စက်တင်ဘာ ၂ ရက် စတင် ဖြစ် ပွား ပြီး စက်တင် ၁၀ ရက် နေ့ မှ စတင် ကာ ဒုက္ခ သည်စခန်းများ စတင်ဖွင့် လှစ် ခဲ့ရခြင်း ဖြစ်သည်။
မဲသဝေါဒေသရှိ ကျေးရွာ ၂၂ ရွာမှ လူဦးရေ ၃၈၇၄ ဦးသည် မြိုင်ကြီးငူအထူးဒေသ စစ်ဘေးရှောင်စခန်းတွင် ခိုလုံနေရပြီး ယင်းထဲတွင် ငါးနှစ်အောက် ကလေးငယ် ၁၂၀ဝ ကျော်ပါဝင်ကြောင်း ထိုစစ်ဘေးရှောင်စခန်း၏ စာရင်းဇယားများအရ သိရသည်။

စစ်ဘေးတိမ်းရှောင်နေသော ရွာများထဲတွင် ကျုံထော်၊ ထီးရယ်ကလို၊ ထီးတာဒို့ဖော်၊ ထီးကလိုးသော့၊ ထီးကနဲ့၊ ထီးကနဲ့ထ၊ မဲသဝေါ၊ မုဒ်ဝ၊ မယ်ပေါ်ပလော၊ ထီးထောကျိုး၊ ထီးဖိုးခီး (ခ) ရန်ပိုခီး၊ ရင်းပိုင်းချောင်းဝ၊ ဃူသောပူ၊ ရင်းပိုင်းကျောင်းမ၊ လော်ကလား (ခ) ဖောဖောစောမြ၊ ထီးနောထ၊ ကလောဒေး၊ ထီးသာထ၊ ကော်လော်ကွီး၊ သမိုဖိုး၊ ကိုရွှေဝဲ (ရွှေအိုးစံ) နှင့် ပတဲထရွာများ ပါဝင်သည်။

“စစ်တွေဖြစ်နေတဲ့ အတွက်ကြောင့် အခုလိုဒုက္ခသည်တွေ ရောက်ရှိလာရတာပါ၊ ဒီစစ်တွေရပ်တန့်က ရပ်ပေးပါ” ဟု မြိုင်ကြီးငူအထူးဒေသရှိ ဒုက္ခသည်စခန်းမှ ဦးစောစိန်ပန်းက ဆိုသည်။

ထီးကနဲ့ရွာမှ ရွာသူ၊ ရွာသား သုံးပုံတစ်ပုံသာလျှင် စစ်ဘေးရှောင် ဒုက္ခသည်စခန်းကို ရောက်ရှိနေသေးပြီး ကျန်ရှိနေသေးသော ရွာသူ၊ ရွာသားများသည် လမ်းကြောင်းများ ပိတ်ဆို့ထားမှုအပေါ် ကျေးရွာတွင်သာ ပုန်းအောင်းနေကြကြောင်း မဲသဝေါဒေသ၊ ထီးကနဲ့ရွာတွင်နေထိုင်ခဲ့သူ စောကျော်လော က ပြောသည်။

“ကျွန်တော်တို့ လိုလားတာ ငြိမ်ချမ်းရေးဘဲ၊ စစ်ဘေးရှောင်ရတဲ့ ဒုက္ခအမြဲပါပဲ”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဒုက္ခသည်စခန်းသို့ စစ်ဘေးတိမ်းရှောင်နေသည့် လူဦးရေ ၃၈၇၄ ဦးထဲတွင် ၁၅ နှစ်အောက် ကလေးသူငယ် ၂၀ဝ၀ ဦးကျော်နှင့် အမျိုးသမီးအများစု ပါဝင်နေသည်။
စစ်ဘေးရှောင် ပြည်သူများထဲမှ မွေးလူနာအမျိုးသမီးတစ်ဦး၊ အဆုတ်ရောဂါဖြစ်နေသည့် လူငယ်တစ်ဦး၊ ငှက်ဖျားရောဂါဖြစ်နေသည့် ကလေးငယ်တစ်ဦး၊ သွေးအန်နေသည့် အသက် ၃ နှစ်ခွဲအရွယ် ကလေးငယ် တစ်ဦးနှင့် သွေးအားနည်းနေသည့် လူနာတစ်ဦးတို့ကို ကျန်းမာရေးစစ်ဆေးခဲ့၍ မြိုင်ကြီးငူအထူးဒေသရှိ ကျေးလက်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြောင်း လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ ကျေးလက်ဒေသ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးမင်းတင်ထွန်းက ပြောသည်။

“ရွာက စစ်ဘေးရှောင်ပြီး ရောက်လာခဲ့တဲ့ ပြည်သူတွေမှာ လက်ရှိဖြစ်နေတဲ့ရောဂါက အဆုတ်ရောဂါတွေ အများဆုံးဖြစ်နေတာ စစ်ဆေးတွေ့ရှိရပါတယ်၊ အခုအချိန်ထိတော့ လူနာငါးဦးကိုတော့ ဆေးရုံတင်ကုသမှုတွေ လုပ်ပေးနေပါတယ်၊ သူတို့တွေက ရောက်လာတာ ဘာမှပါမလာတော့ ဖြစ်သလိုအိပ်ရတော့ အအေးပက်ပြီး အဆုတ်ရောဂါ ဖြစ်နေရတာပါ”ဟု ၎င်းက ရှင်းပြသည်။

မြိုင်ကြီးငူဆရာတော်ကြီးက စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအတွက် ၂၄ နာရီ စတုဒီတာကျွေးမွေးထားပြီး ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပရဟိတ လူမှုအဖွဲ့အစည်းများကလည်း ၎င်းတို့၏ စားဝတ်နေရေးအတွက် ထောက်ပံ့ လှူဒါန်းပေးမှုများရှိနေသည်။

“တချို့ရွာတွေတော့ ရွာလုံးကျွက်နီးပါး ရောက်ရှိနေပါတယ်၊ ဘယ်နှစ်ရက်လောက် နေရမယ်ဆိုတာတော့ မသိရသေးပါဘူး၊ တည်ငြိမ်အေးချမ်းမှုတွေ လုံလုံခြုံခြုံ မရှိသေးသရွေ့တော့ အတက်နိုင်ဆုံး စစ်ဘေးရှောင် ဒုက္ခသည်ပြည်သူတွေကို စောင့်ရှောက်ပေးသွားမှာပါ”ဟု ဦးနေလင်းထက်က ရှင်းပြသည်။

စစ်ဘေးရှောင် ပြည်သူများ၏ ကျန်းမာရေး ကုသမှုအတွက် ကရင်ပြည်နယ်ကျန်းမားရေးဦးစီးဌာနမှ ဆေးဝါး အပြည့်အဝဖြင့် ဆေးခန်းခွင့်လှစ်ထားကြောင်း ၎င်းက ပြောဆိုသည်။

“ရွာကထွက်လာရတာ ဘာပစ္စည်းမှာ ပါမလာပါဘူး၊ ကားပေါ်တက်ဆိုလို့ လိုက်လာရတာပါ၊ မိသားစုငါးဦးစလုံး လိုက်လာခဲ့တာပါ ကလေးတွေကိုတော့ စာသင်ဖို့ လုပ်ဆောင်ပေးနေပါတယ်”ဟု ထီးကနဲ့ထရွာမှ စစ်ဘေးရှောင် လာရောက်နေသော ဒေါ်မူမူက ဆိုသည်။

မြိုင်ကြီးငူအထူးဒေသရှိ မြတ်ပန်းဝတ်မုံဒုက္ခသည်စခန်းနှင့် အေးလင်းသာယာ စစ်ဘေးဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူ ၂၄၅ ဦးအတွက် အတန်းပညာရပ်နားခြင်း ကြာရှည်မှုမရှိရန် စက်တင်ဘာ ၁၄ ရက်မှစတင်၍ ပညာသင်ကြားပေးနေကြောင်း လှိုင်းဘွဲ့မြို့နယ်ရှိ လင်းလွန်မြိုင် ကျောင်းအုပ် ဆရာကြီး ဦးစိုင်းမျိုးညွှန့်က ပြောဆိုသည်။

စစ်ဘေးရှောင်စခန်း ရောက်ရှိလာသည့် ကလေးများ ပညာသင်ကြားရန် ကရင်ပြည်နယ် ပညာရေးဦးစီးဌာနက ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်နှင့် ကျောင်းသုံး ကိရိယာပစ္စည်းများကို စီစဉ်ဆောင်ရွက်ထားပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

မဲသဝေါဒေသမှ စစ်ဘေးရှောင်စခန်းသို့ မရောက်လာသေးသည့် ကျောင်းသား၊ ကျောင်းသူလေးများနှင့် ဆရာ၊ ဆရာမများလည်း ကျန်နေသေးသဖြင့် ယင်းကလေးများအတွက် ပညာသင်ကြားမှုရရှိရန် အခက်ခဲရှိနေကြောင်း ၎င်းက ဆိုသည်။

ရွာတွင် စပါးစိုက်ပျိုး ပြီး ပစ်ထား ခဲ့ရ ၍ အဆိုပါ လယ်မှ ထွက်ရှိမည့် ဆန် ကို လာမည့်နှစ် တွင်စားနှပ်ရိက္ခာ အဖြစ် ပြန်အသုံးပြု ရသော စောဘူးဂေးတစ်ယောက် သူ စပါး ပျက်ဆီးမည် အရေး ၊မိသား စု စားနပ်ရိက္ခာ မလုံ လောက်မည့် အရေး ကို စိုးရိမ် နေသည်။

စောဘူးဂေး က စားနပ်ရိက္ခ ကို စိတ်ပူ သကဲသို့ ယင်းသို့ တိုက်ပွဲ ဖြစ်နေခြင်း ကို မနှစ်မြို့သော စောကျော်လော ကဲ့သို့ မဲသဝေါနယ်သားများလည်း ရှိသေးသည်။
“ပြည်သူလူထုကို စာနာသနားရင်တော့ မပစ်ကြနဲ့ပေါ့”ဟု သူကငြီးငြူလိုက်သည်။

Leave a Reply