မော်လမြိုင် အောက်တိုဘာ

မော်လမြိုင်မြို့ မုပွန်တိုးချဲ့ ၆ လမ်းရှိ ရွှေမေတ္တာမျက်မမြင်ပညာသင်ကျောင်းတွင် လိုအပ်ချက်အရပ်ရပ်ကြောင့် မျက်မမြင်ကျောင်းသား ၂ ဦးသာ လက်ခံနိုင်သေးကြောင်း ကျောင်းတာဝန်ခံ ဆရာလေး ဒေါ်တိက္ခဉာဏီကပြောသည်။

မျက်မမြင်ကျောင်းသား အယောက် ၂၀ ကျောင်းအပ်ရန် စာရင်းပေးသွင်းထားသည့်အနက် ၂ ဦးကိုသာ လက်ခံနိုင်သေးသည်ဟု ၎င်းက ပြောဆိုသည်။

“ဒီကျောင်းလေးရဲ့ အခက်အခဲတွေ ရှိနေတယ်။ စားဝတ်နေရေး၊ နေရာထိုင်ခင်း ပေါ့နော်” ဟု ၎င်းကဆက်ပြောသည်။

အဓိကအခက်အခဲမှာ အဆောက်အဦးပြည့်စုံမှုမရှိခြင်းဖြစ်ပြီး သီးခြားရံပုံငွေ ထူထောင်ထားခြင်းမရှိသည့်အတွက် စားဝတ်နေရေးအတွက် အလှူရှင်များ၏ လာရောက်လှူဒါန်းမှုကိုသာ မှီခိုနေရကြောင်း ၎င်းကပြောသည်။

လက်ရှိတွင် ၆၀ x ၁၇ ပေ အရွယ်ရှိ ကျောင်းဆောင်တစ်ခုသာ ဆောက်လုပ်ထားနိုင်ပြီး ပြတင်းပေါက်များမတပ်ဆင်ရသေးကြောင်း၊ စားဖိုဆောင်၊ ဘုရားခန်းနှင့် ကုတင်၊ စာရေးခုံ စသည့်ပရိဘောဂများလည်း လိုအပ်နေသေးကြောင်း ၎င်းကပြောသည်။

ကျောင်းတွင် အသက် ၅ နှစ်မှ ၃၀ ကြား မျက်မမြင်များကို လက်ခံသင်ကြားနေပြီး စေတနာ့ဝန်ထမ်းဆရာ ၅ ဦးက မျက်မမြင်စာပေ၊ မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ လူမှုရေး စသည့်အတန်းပညာများနှင့် ဂီတပညာရပ်များကို သင်ကြားပေးနေသည်ဟု ၎င်းကဆက်ပြောသည်။

“ကျောင်းရဲ့ရည်ရွယ်ချက်ကတော့ မျက်မမြင်ကလေးတွေကို ပညာတတ်သွားစေချင်တယ်။ လူဝင်ဆံ့စေချင်တယ်။ ပညာဆိုတဲ့အရာကို သိစေချင်တယ်” ဟု၎င်းကဆိုသည်။

နောက်ပိုင်းတွင် ကျောင်းသားများ၏ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်များချိတ်ဆက် ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိကြောင်း ၎င်းကပြောသည်။

အဆိုပါကျောင်းကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆောက်လုပ်ခဲ့ပြီး ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းသား ၁၀၀ အထိ လက်ခံနိုင်ရန်ရည်မှန်းချက်ထားကြောင်း ရွှေမေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်တင်တင်အေးကဆိုသည်။

၂၀၁၅ ခုနှစ်တွင် ကောက်ယူထားသောစာရင်းများအရ မွန်ပြည်နယ်တွင် မျက်မမြင်ဦးရေ ၄၀၀ ခန့်ရှိပြီး အသက် ၅ နှစ်မှ ၃၀ ကြား ၁၀၀ ခန့် ပါဝင်သည်ဟု ၎င်းကပြောသည်။

စန္ဒာဉာဏ်

Leave a Reply